မုန်တိုင်းမဖြစ်ပေါ်ခဲ့၍ ရခိုင်မြောက်ပိုင်းတွင် မိုးပုံမှန်မရွာခြင်းဟု ဦးထွန်းလွင်ပြော

မုန်တိုင်းမဖြစ်ပေါ်ခဲ့၍ ရခိုင်မြောက်ပိုင်းတွင် မိုးပုံမှန်မရွာခြင်းဟု ဦးထွန်းလွင်ပြော
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း မြိ့နယ် အချို့တွင် မိုးရွာရာတွင် ပုံမှန်မဟုတ်ဘဲ မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေပြီး ရာသီဥတု ဖေါက်ပြန်နေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

သို့အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးထွန်းလွင်အား ဆက်သွယ်ပြီး မေးမြန်းရာ ဆရာက နိရဥ္စရာသို့ ယခုလို ပြောကြားသည်။

“အဓိကကတော့ မုန်တိုင်းမဖြစ်တာပဲ။ အမှန်က မုန်တိုင်းက ဖြစ်ရမှာ၊ ခုတော့ မုန်တိုင်းမဖြစ်ဘူး၊ ဖြစ်လာရင်လည်း အားမရှိဘူး။ နောက်အရှေ့ဘက်ကလည်း မုန်တိုင်းမလာဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း ရခိုင်မြောက်ပိုင်း အလယ်ပိုင်းနဲ့ တတန်းတည်းကျတဲ့ အဲ့ဒီတစ်ကြောလုံးပေါ့ဗျာ။ မိုးနည်းတဲ့ အကြောင်းအရင်းကတော့ မုတ်သုန်ကောင်းပေမယ့်လို့ မုန်တိုင်းမရှိလို့ ဖြစ်တာ” ဟု ဦးထွန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် ယခက်နှစ်ကထက် မိုးရွာသွန်းမှု လျော့နည်းကာ ရာသီဥတု အခြေအနေမှာလည်း နေပူလိုက်၊ မိုးရွာလိုက် ဖြစ်နေသဖြင့် စိုက်ပျိုးထားစ စပါးပင်များမှာ အသေများနေသည်ဟု လယ်သမားများက ပြောသည်။

ထိုကဲ့သို့ မိုးနည်းပြီး ရာသီဥတု မူမမှန်ခြင်း ကြောင့် ရခိုင်ဒေသရှိ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်း တွင် နစ်နာစေနိုင်သည့် အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက် သုံးသပ်ပြောဆိုသည်။

“သေချာတာပေါ့ဗျာ၊ နစ်နာမှာပေါ့။ ပုံမှန်မှ မရှိတာပဲ။ ပုံမှန်မဟုတ်တော့ ဘာပဲဖြစ်ဖြစ် အနှောင့်အယှက်တော့ ဖြစ်မှာပဲ။ လုပ်သမျှလည်း အောင်မြင်ချင်မှ အောင်မြင်မှာ” ဟု ပြောသည်။

ယခုနှစ် မိုးဦးကာလတွင် ရခိုင်ပြည်နယ် မြောက်ပိုင်ဒေသအချို့၌ မိုးပုံမှန် ရွာသွန်းခြင်းမရှိဘဲ နေပူသဖြင့် ရခိုင်လယ်သမားတစ်ချို့မှာ စပါးမျိုးစေ့များ အပင်အပေါက်ဘဲ ပျက်စီဆုံးရှုံးမှုများ ရှိနေကြောင်း ပေါက်တောမြို့ နယ် လက်မယာကျေးရွာမှ လယ်ဧက (၃၀)ကျော် စိုက်ပျိုးထားသူ လယ်သမား ဦးမောင်ထွန်းသိန်းက နိရဥ္စရာသို့ ပြောသည်။

“နေပူလို့ စပါးမျိုးစေ့တွေကြဲတာ နှစ်ကြိမ် သုံးကြိမ် ပြန်ကြဲရတဲ့သူတွေ ရှိတယ်။မျိုးစပါးတွေ အများကြီး ကုန်သွားတယ်။ လယ်သမားတွေ နစ်နာတာပေါ့နော်။ ခုလည်း မိုးရွာတယ်။ နေပူနေတယ်။ မနေ့က တစ်ရက်၊ ဒီနေ့ တစ်ရက်ဆိုရင် နှစ်ရက်ရှိပြီ၊ တစ်ရက်နှစ်ရက် နေပူလို့ကတော့ ဘာမှမဖြစ်ဘူး။ သုံးရက်၊ ငါးရက်၊ တစ်ပတ် ဆိုသလို ကြာရှည် မိုးမရွာဘူး ဆိုရင်တော့ တကယ့် အခက်ပဲ” ဟု ပြောသည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ထို့သို့ မိုးပြတ်မှုများ ဒေသအလိုက်ဖြစ်ပေါ်လာနေပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ဒေသများ၌ တွင် မိုးပြတ်သည့် ရာသီဥတု ဖောက်ပြန်သည့် ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးနည်း နေသော်လည်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင်မူ မိုးများကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

Most read this week