ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်

ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်
by -
နိရဥ္စရာ

နိုင်ငံတော်အစိုးရအပါအဝင် ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော်လည်း ပြစ်မူကျူးလွန်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များက အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရှေ့တွင် အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း ရခိုင်ဒေသခံများက  ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၇  ရက် နေ့လည်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ်ရခိုင်ရွာသား များနှင့် ပိုက်သည်ရွာမှ ဘင်္ဂလီကျေးရွာသား အချို့ တစ်ဘက်နှင့် တစ်ဘက် ထိပ်တိုက် ပြသနာ ဖြစ်ပွားရန် အခြေအနေထိ ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ရောက်ရှိဟန့်တားနိုင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ပြစ်မူကျူးလွန်သူများကို ယခုအချိန်ထိ တာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးဟု သိရသည်။

ပြသနာ ဖြစ်ပွားခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးထွန်းမြအေးက နိရဥ္စရာသို့ ယခုလို ပြောကြားသည်။

“ မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်တော်- သရက်အုပ်လမ်းမှာရှိတဲ့ သင်္ဘောကွေ့ ဟိန္ဒုတ်ကန်နားမှာ ဦးမှဲ့နီအောင်ရဲ့ ဇနီး ဒေါ်အေးတင် ကျောင်းနေတဲ့ ကျွဲကို ပိုက်ဆိပ်ရွာက ဘင်္ဂလီ ၅ ဦးက ဓါးနဲ့ လာခုတ်ပါတယ်။ အဲသလို ခုတ်တဲ့အခါ အမျိုးသမီးက လှမ်းအော်တဲ့ အတွက် ကျွန်တော်ရွာက ရွာသား လေးငါးဆယ်ခန့်က တုတ်တွေ၊ ဓါးတွေနဲ့ လိုက်သွားတော့ ဘင်္ဂလီတွေက နောက်ဆုတ်ခံပါတယ်။ သူတို့မှာတော့ ငါးယောက် တစ်အုပ်၊ ခြောက်ယောက် တစ်အုပ်၊ အုပ်စု (၂) ခု ရှိပါတယ်။ အဲသလို အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေ အချိန်မှီ ရောက်ရှိလာတဲ့ အတွက် ပြဿနာ မဖြစ်ဘဲ ရှောင်လွဲနိုင်ခဲ့ပါတယ်” ဟု သူက ဆိုုသည်။

သရက်အုပ် ရွာသစ်နေ ဦးမှဲ့နီအောင်၏ ဇနီးဒေါ်အေးတင်တို့ ပိုင်ဆိုင်သော ကျွဲတစ်ကောင်တွင် တင်ပါးတွင် တစ်ချက်၊ လည်ပင်းတွင် တစ်ချက် ဒဏ်ရာရသွားခဲ့သည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့က ရဲတွေရောက်လာတဲ့ အတွက် ရဲတွေကို ဒီပြစ်မူကျူးလွန်တဲ့ သူတွေကို အရေးယူပေးဖို့ တိုင်ကြားလိုက်ပါတယ်။ ဘာကြောင့် ခုလို ခုတ်တယ်ဆိုတာလဲ မသိရဘူး။ ဒါပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်တာကို မတွေ့ရသေးဘူး” ဟု ၎င်းရွာသားက ဆက်ပြောသည်။

သို့အတွက် နိရဥ္စရာမှ ကျောက်တော် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောသည်။

“ ကျွန်တော်တို့ဆီကို ဒီပြသနာနဲ့ ပတ်သက်ပြီး ဘယ်သူမှ အမူလာမဖွင့်တဲ့ အတွက် ကျွန်တော်တို့က အရေးယူလို့မရပါဘူး” ဟု ပြောသည်။

ဆက်လက်ပြီး သရက်အုပ်ရွာသားများသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုင်ကြားထားခြင်းသာ ဖြစ်ပြီး ဦးမှဲ့နီအောင်မှာ သာမန်တောင်သူ တစ်ဦးဖြစ်သဖြင့် စိုးရိမ်ပြီး ရဲစခန်းသို့ သွားရောက် အမူမဖွင့်ရဲဟု ပြောသည်။

ယခု ပြသနာ မဖြစ်ပွားမီက ဇူလိူင်လ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာ ရွာဦးဘုရားရှိ မွေးနံ ဘုရားငါးဆူကို အမည်မသိသူများက ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ဦးတော်များကျိုးပိုင်း ပျက်စီးခဲ့ရသည်။

အလားတူ ဇူလိူင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာ အနီးရှိဘုရားမှ မွေးနံ ဘုရား (၈) ဆူ၏ ဦးတော်များနှင့် ကိုယ်လက်အင်္ဂါများကို မသမာသူများက ဖျက်ဆီးပစ်ခဲ့ကြသည်။

တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာကို မေးမြန်းခဲ့ရာ သူက ယခုပြောသည်။

“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) တပ်မ အပြင် စစ်တပ် တပ်ရင်းအများအပြားလည်း တပ်စွဲထားပြီး ရဲတပ်ဖွဲ့အင်အားကိုလည်း အလုံအလောက်တိုးချဲ့ချထားသည်။ ထိုသို့ လုံခြံုရေးအရ တင်းကျပ်ထားသော နယ်မြေ တစ်ခုတွင်  ဘုရားများကို ၀င်ရောက်ဖျက်ဆီးနေသူများအား တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူ အပြစ်ပေးခြင်း မရှိနိုင်ဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အနေဖြင့် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဘုရားဖျက်ဆီးသည့် ပြစ်မူကျူးလွန်သူများကို သက်ဆိုင်ရာက ယနေ့ အချိန်ထိ အရေးယူဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week