ကြားဖြတ်တွင် အခက်အခဲရှိပါက ၂၀၁၅ မတိုင်မီ မဲဆွယ်ခွင့် ညွှန်ကြားချက် ပြန်လည်ပြုပြင်မည်

ကြားဖြတ်တွင် အခက်အခဲရှိပါက ၂၀၁၅ မတိုင်မီ မဲဆွယ်ခွင့် ညွှန်ကြားချက် ပြန်လည်ပြုပြင်မည်
by -
မဇ္စျိမ

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆင်မပြေမှုများ ရှိပါက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ပြန်ပြင် ပေးမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇူလိုင် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလအစောပိုင်းတွင် ဖြန့်ဝေခဲ့သည့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ၁/၂၀၁၄ ကို ပါတီအများစုက ဝေဖန်ထားကြသော်လည်း အတည်ပြုလိုက်ပြီ ဖြစ်သည်။

“ဒီဟာကို သုံးကြည့်ကြပါဦး၊ မသုံးရသေးဘဲနဲ့ မကောင်းဘူးလို့ပြောနေကြတယ်။ ဒီကြားဖြတ်မှာ သုံးကြည့် မကောင်းဘူးဆိုရင် ပြင်ပေးရမှာပါ။ အခုဟာက ၉၀နဲ့ ၂၀၁၀ တုန်းကလို မဟုတ်ဘူး။ ပြင်ထားတဲ့ဟာပါ။ ရက်မလောက်တာတွေ ဘာတွေက တကယ်သုံးကြည့်ပါဦးလို့ပြောချင်တယ်”ဟု ဦးသောင်းလှိုင်က ဆိုသည်။

ကြားဖြတ်တွင်အဆင်မပြေပါက ပြင်ဆင်ပေးမည်ဟု ဆိုသော်လည်းလက်တွေ့အသုံးပြုရန် အခက်အခဲများ စွာရှိနိုင်သည်ဟုဆိုကာ ပါတီများကကန့်ကွက်ထားပြီး ကော်မရှင်သို့အကြံပြုချက်များလည်း ပေးပို့ထားကြ သည်။

“ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်ပြီးရင် ၁၅ ရက်အတွင်း မဲဆွယ်စည်းရုံးခွင့်တင်ရမယ်ဆိုတာက မဖြစ်နိုင်ဘူး။ အရင်က ငါးရက်ကြိုတင်ရတယ်။ အခု ၁၅ ရက် ကြိုပြီး အပြီးတင်ရမယ်ဆိုတာမဖြစ်သင့်ဘူး။ ဒါက မဲဆွယ်စည်းရုံးခွင့်ကို ကန့်သတ်ထားတာပဲ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင် ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားလွှာပါ မဲဆွယ်စည်းရုံးရေးကာလတိုတောင်းခြင်း၊ မီဒီယာမှတစ်ဆင့် ပြောဆို စည်းရုံးလိုပါက ခွင့်ပြုချက်တင်ပြရခြင်း၊ မဲဆန္ဒနယ်အတွင်းကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ကိုယ်စားလှယ်မှအပ အခြားသူက ဟောပြောပါကခွင့်ပြုချက်တောင်းခံရခြင်းစသဖြင့် အချက်များစွာသည် အ ခက်အခဲဖြစ်စေသည်ဟု ပါတီအချို့ကရှုမြင်ထားသည်။

“ကြားဖြတ်မှာ ဒီဟာနဲ့ သုံးရမယ်ဆိုရင်တော့ လက်တွေ့မကျဘူး မဲဆွယ်တဲ့ ကာလကို ချုံပစ်တာ။ ချင်းပြည်နယ်မှာဆိုရင် တစ်တောင်ဆင်း တစ်တောင်တက် လမ်းကဆိုး အဲဒီလိုအခြေအနေမှာ ရက်ပေါင်း ၃၀ နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေး မှူး-၁ ဆလိုင်းငယ်ပီးက ပြောသည်။

ယခုစမ်းသပ်သုံးစွဲရမည့် မဲဆွယ်ခွင့် ညွှန်ကြားချက်သစ်အရ မဲဆွယ်စည်းရုံးရန် တစ်လသာရတော့ မည်ဖြစ်သည်။ယခင်ကမူသုံးလရရှိသည်။ ယင်းတို့အပြင် စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ဖြင့် မဲဆွယ်စည်းရုံးရာတွင်လည်း ကန့်သတ်ချက်များစွာ ရှိနေသည်ဟု ပါတီအချို့က သုံးသပ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၁၄ ခု နှစ်ကုန်ပိုင်းတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊အမျိုးသားလွှတ်တော် ခြောက်နေရာနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် ၁၅ နေရာ စုစုပေါင်း ၃၄ နေရာ လစ်လပ်လျက်ရှိသည်။

Most read this week