မူးယစ်ဆေး ပဲလှော်ကဲ့သို့ ပေါလွန်းနေဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြော

မူးယစ်ဆေး ပဲလှော်ကဲ့သို့ ပေါလွန်းနေဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြော
by -
မဇ္စျိမ

နိုင်ငံတော်သမ္မတဦးသိန်းစိန်းအစိုးရသည် ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အတုယူစရာကောင်းသော်လည်း မူးယစ်ဆေးဝါးများကို စျေးပေါပေါဖြင့် အလွယ်တကူဝယ်ယူရရှိသည့်အတွက် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများ ပြန်လည်သုံးသပ်ရန် လိုအပ်နေသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“နိုင်ငံတော်သမ္မတကြီး ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေက အတုယူစရာ ကောင်းပါတယ်။ ဘာမှပြောစရာမလိုဘူး ဘက်စုံကနေ ပြည့်စုံတယ်။ ကောင်းမွန်တယ်။ မှန်ကန်တယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတစ်ခုပဲ ပြန်လည်သုံးသပ်ဖို့တော့လိုမယ်။ လုပ်ငန်းတော့ ဆောင်ရွက်နေတယ်။ ပဲလှော်တွေ ၀ါးစားနေသလို့ပဲ။ လွယ်လွယ်ကူကူ သိပ်ရနေတယ်။ စျေးလည်း သိပ်ပေါနေတယ်”ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်တွင် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါကဲ့သို့ဖြစ် လာသော မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းစိုက်ပျိုးခြင်းတို့ကို ဒေသခံပြည်သူ လူထုပါ၀င်၍ ဆန့်ကျင်တိုက်ဖျက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုပြုလုပ်လာပြီး သုံးစွဲသူများလည်း ပိုမိုများပြားလျက်ရှိကာ ရောင်းဝယ်ဖောက်ကားမှုများမှာ လမ်းဘေးတွင် ခင်းကျင်းပြီး ချမရောင်းသော်လည်း ၀ယ်ယူရ အလွန်လွယ်ကူ လွန်းလှသည်ဟု ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ တက္ကသိုလ်ကျောင်းများတွင် အရောင်းအဝယ်ပြု လျက်ရှိပြီး အဆိုပါကျောင်းထဲတွင် သုံးစွဲလျက်ရှိသည်ဟု ဆွေးနွေးသည်။

“မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့အထပ်ထပ်တွေရဲ့ကြားမှာ အဓိက သယ်ဆောင်သူ ဘယ်သူတွေက၊ ဘယ်သူတွေနဲ့ပေါင်းပြီး ဘယ်လိုပုံစံနဲ့ နာဂစ်လှိုင်းလုံးကြီးသဖွယ် ဘယ်လိုလုပ်ဝင်လာ တယ်ဆိုတာ ကျွန်တော်အနေနဲ့ စဉ်းစားလို့ မတက်တော့ပါဘူးခင်ဗျား။ ဒါပေမဲ့ ကရင်ပြည်နယ် လူထုကတော့ သိနေကြပါတယ်”ဟု ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က ဆွေးနွေးသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလည်း ပါ၀င်ပတ်သက်မှုရှိပြီး အချို့ဆိုရင် ယူနီဖောင်းများဖြင့် မူးယစ်ဆေးဝါးရောင်းသော အိမ်များကို ၀င်ထွက်သွားလာလျက်ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းကို ၁၅ နှစ် စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်ခဲ့ခြင်း၊ စိတ်ကြွဆေးသုံးစွဲမှု လူငယ်ထုအတွင်း ပိုမိုပျံ့နှံ့လာခြင်းတို့ကို ထိန်းချုပ်ဟန့်တားနိုင်ရန် စီမံကိန်းကာလကို ငါးနှစ်ထပ်မံ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

“မူးယစ်ဆေးဝါး သုံးစွဲသူများထက် အဓိကသယ်ဆောင်ရောင်းဝယ်သူများကို ဖမ်းဆီးနှိမ်းနှင်းရေးနှင့် နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းများမှ တစ်ဆင့် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်တွင် ဆွေးနွေးသည်။

ပြည်သူများသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုင်ကြားချိန်နှင့် လွှတ်တော်သို့ တင်သည့်အချိန်များတွင် ခေတ္တဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး သိပ်မကြာခင်မှာပဲ ယခင်မူလအတိုင်း ပြန်လည်ရောင်းချကြသည်ဟု ကိုယ်စားလှယ်များက ဆွေးနွေးသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သုံးစွဲမှု ပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေးနှင့် တားဆီးနှိမ့်နှင်းရေးအတွက် စီမံကိန်း မြို့နယ်အဖြစ် ၅၁ မြို့ နယ်ကို သတ်မှတ် ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ဆွေးနွေးသည်။

Most read this week