၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်
by -
နိရဥ္စရာ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အတွက် ရန်ကုန်တွင် ဇူလိုင် ၂၇ရက်နေ့ နေ့လည်က လူပေါင်း (၃၀၀) ခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

နေ့လည် (၁) နာရီ အချိန်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းပန်းခြံမှ စတင်ကာ ဗဟန်းမြို့နယ် ဘိုစိန်မှန်အားကစားကွင်းအထိ ဆိုင်းဘုတ် ပိုစတာများကိုင်ဆောင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးရန် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

demostration in rangoon

ဆန္ဒထုတ်ဖော်ပွဲကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်မှ ဦးဆောင်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင်ရှိ မြို့နယ် (၁၃) မြို့နယ်မှ ပြည်သူများ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဘတို့က ပါတီတွေ အနေနဲ့ ဆန္ဒထုတ်ဖော်တာ မဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ဆန္ဒထုတ်ဖော်ကြတာပါ။ အခု လုပ်တာ မီဒီယာတွေက တဆင့် သူတို့(အစိုးရ)ဆီကို ရောက်တယ်လေ။ ပြည်သူလည်း သိစေ၊ အစိုးရလည်း သိစေဆိုတဲ့ ဆန္ဒနဲ့ လုပ်နေရတာပါ” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ ‘ဒီမိုကရေစီအင်အားစု’ မှ ဦးဘမြင့်က နိရဥ္စရာသို့ ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ်မှ လွှတ်မြောက်ရေး၊ တိုင်းရင်းသားတန်းတူညီမျှမှုရရှိရေး၊ ဒီမိုကရေစီရရှိရေး အခြေခံဥပဒေပြင်ဆင်ရေး၊ စားဝတ်နေရေး ပြေလည်ရေး၊ လယ်သမား အခွင့်အရေး ရရှိရေး စသည့် ကြွေကြော်သံများ ကြွေးကြော်ကာ ပြည်လမ်း၊ ဓမ္မစေတီလမ်းနှင့် ရွှေဂုံတိုင်လမ်း တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းနောက် ဘိုစိန်မှန်အားကစားကွင်းတွင် ပန်းရဲ့လမ်းဂီတအဖွဲ့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး သီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများ ကွန်ရက်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲအပြီးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ၊ မမီးမီး၊ စာရေးဆရာမ မယ်ငွေဥနှင့် ဦးထွန်းထွန်းကျော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ အသီးသီးဟောပြောခဲ့ကြသည်။

Most read this week