ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ

ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ
by -
နိရဥ္စရာ

ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဉာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိူင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲမှူးနှင့်အတူ လိုက်ပါစစ်ဆေးနေသူ ရဲဝန်ထမ်းတစ်ယောက်က နိရဥ္စရာသို့ ပြောသည်။

“အဲဒီလို ဖျက်ဆီးထားတာကို ရွာက ကလေးတွေ စတွေ့တာလို့ ပြောတယ်။သူတို့က စေတီထဲကို သွင်းထားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ ရွာကလူတွေသိတော့ သတင်းက ပေါက်ကြားသွားတာပါ။ အဲဒီ ရွာက ကလေးတွေကိုလည်း ဘယ်လိုတွေ့ရှိခဲ့တယ်ဆိုတာ စစ်ဆေးနေပါတယ်” ဟု သူက ပြောသည်။

သူက ဆက်လက်၍  “ ဘုရားက ရွာနဲ့တစ်မိုင်လောက်ဝေးတယ်။ ဘုရားတွေကိုဖျက်ဆီးပြီး တော့ ဦးတော်တခြား လက်တခြား လွှင့်ပစ်ထားခဲ့တာပါ။ ဉာဏ်တော်တော့ သိပ်မကြီးပါဘူး။ ဆင်းတုတော်တွေရဲ့ လက်တွေကိုဖဲ့၊ ဦးခေါင်းတော်တွေကို ရိုက်ခွဲပြီးတော့ စေတီအပြင်မှာ လွှင့်ပစ်ထားခဲ့တာ။ ဘယ်အချိန်က လုပ်သွားတယ် ဆိုတာတော့ ဘယ်သူမှမသိသေးပါဘူး” ဟု သူက ဆက်လက် ရှင်းပြသည်။

တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာ ကလည်း ယခုလို ပြောသည်။

“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။

လွန်ခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာတွင် ဘုရား ဆင်းတုတော် (၅) ဆူ ဖျက်ဆီးခံခဲ့ရပြီး ဆင်းတုတော်များ ဖျက်ဆီးသည့် တရားခံများကို သက်ဆိုင်ရာက ယနေ့ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week