စစ်တွေတက္ကသိုလ် ကြိုပို့ကားများ ဇူလိူင်လ ၂၈ ရက်မှစ၍ အခမဲ့ ပြေးဆွဲမည်

စစ်တွေတက္ကသိုလ် ကြိုပို့ကားများ ဇူလိူင်လ ၂၈ ရက်မှစ၍ အခမဲ့ ပြေးဆွဲမည်
by -
နိရဥ္စရာ

ကျောင်းသား ကျောင်းသူများ လွယ်ကူ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် စစ်တွေတက္ကသိုလ် ကြိုပို့ကားများကို ဇူလိူင်လ (၂၈) ရက်နေ့မှ စတင်ပြီး အခမဲ့ပြေးဆွဲပေးသွားမည်ဟု သိရသည်။

ယခုအစီအစဉ်မှာ ၀န်ကြီးချုပ် ဗိုလ်မောင်မောင်အုန်း ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစီအစဉ်ဖြစ်ပြီး ဇူလိုင်လ (၂၈)ရက်နေ့ စတင်ကာ ကား(၃)စီးဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်တွေတက္ကသိုလ် မော်ကွန်းထိန်း ဆရာဦးရွှေခိုင်ကျော်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

sittwe-university

“ လာမယ့် တနင်္လာနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အခမဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုလဆန်းပိုင်းက စစ်တွေတက္ကသိုလ်၌ ဆရာဆရာမများ အပါအဝင် ကျောင်းသားကျောင်းသူများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် နှင့်တွေ့ဆုံစဉ် ကျောင်းကားအခက်အခဲကို တင်ပြရာမှ ဝန်ကြီးချုပ်က ယခုလို အခမဲ့ စီစဉ်ပေးခြင်း ဖြစ်သည်ဟု စစ်တွေကတ္ကသိုလ် ကျောင်းသူ မစုမွန်ထက်က ပြောသည်။

“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းကိုရောက်လာတဲ့အချိန်မှာ ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူတွေက တင်ပြကြပါတယ်။ ကျောင်းကြိုပို့ကားတွေကို အခမဲ့စီစဉ်ပေးဖို့၊ ကျောင်းသွား လမ်းတစ်လျှောက် လုံခြံုရေးတွေတိုးမြှင့်ချထားပေးဖို့၊ ပြီးတော့ ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေပံ့ပို့ပေးဖို့ ဒါတွေကို တင်ပြကြပါတယ်။ တင်ပြပြီးသိမ်မကြာခင်မှာပဲ အခုလို စီစဉ်ပေးဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ဆက်လက်ပြီး သူမက “ အယင်ကဆို ကျောင်းသွားရင် အသွားနှစ်ရာ အပြန် နှစ်ရာ တစ်နေ့ကို (၄၀၀) ကျပ် ကုန်ပါတယ်။ တစ်လကိုကားခ သက်သက် (၈၀၀၀) ထောင်လောက်ကုန်တယ်။ အခုတော့ ကားတွေအခမဲ့ စီစဉ်ပေးတော့မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကများတော့ ကားသုံးစီးနဲ့ လုံလောက်ဖို့တော ့မထင်ပါဘူး။ ဒါပေမဲ့ အယင်ထက်တော့ ပိုအဆင်ပြေသွားပါတယ်” ဟု သူမက ဆက်ဆိုသည်။

ထို့အပြင် ကျောင်းသွားလမ်းတစ်လျှောက်တွင်လည်း လုံခြံုရေးဝန်ထမ်းများကိုလည်း အယင်ကထက် ပိုမို ချပေးထားကြောင်း သိရသည်။

ယခင်က စစ်တွေတက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ သုံးဘီးဆိုင်ကယ်များဖြင့် ကျောင်းတက်ခဲ့ကြရပြီး ကျောင်းတက်ရာလမ်းတစ်လျှောက်တွင် လုံခြံုရေး နည်းပါးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမမများအတွက် လုံခြံုရေးစိုးရိမ်မှုများရှိခဲ့ကြသည်။

Most read this week