နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းထံ ဇူလိုင်လ ၂၄ ရက်စွဲဖြင့် ပြန်လည်ပေးပို့သည့် သတင်းမီဒီယာဆိုင်ရာကိစ္စနှင့် ပတ်သတ်သည့် သဝဏ်လွှာပါ အချက်အချို့ကို လက်မခံနိုင်ဟု သတင်းမီဒီယာသမားများက မဇ္စျိမကို ပြောသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ပြည်ထောင်စုလွတ်တော် နာယက ဦးရွှေမန်းက မီဒီယာများနှင့် ပတ်သက်၍ ရှင်းလင်းရန် ဇူလိုင်လ ၂၂ ရက် ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “မီဒီယာတွေကပဲ လက်တစ်လော ပဋိပက္ခတွေမှာ မီဒီယာတွေရဲ့ လုပ်ဆောင်မှုလို့ သိမ်းကြံုးရေးထားတယ်။ အဲ့ဒါက မီဒီယာကို အပြစ်ပေးတဲ့ဟာကို ဆင်ခြေပေးတာ ရောထွေးပြီးပြောတာလို့ ယူဆတယ် ဒီပြောဆိုချက်ကို လက်မခံနိုင်ဘူး"ဟုပြောသည်။
သမ္မတက လွှတ်တော်နာယကထံ ပြန်လည်ပေးပို့သည့် သဝဏ်လွှာတွင် "ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော အမုန်းပွားစေနိုင်သော ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့ နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကြံုတွေခဲ့ကြရပြီးဖြစ်ပါသည်။”ဟု ရေးသားထားသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး (၂) ဦးသန်းဌေးက “စိတ်မကောင်းဖြစ်မိတယ်။ ခုပြဿနာဖြစ်တာက တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လူမှုကွန်ရက် မီဒီယာက ဖြစ်တာလေ။ ဒီလို လှုံဆော်တဲ့သူတွေ ဒီလိုဆူပူမှုကို ဖြစ်အောင်လုပ်တဲ့သူတွေက တစ်မင်တကာကို အကြောင်းအရာတစ်ခုပေါ် အခြေခံပြီး လုပ်ဆောင်သွားတာ။ အဲ့ဒါကို တာဝန်ယူမှုတာဝန်ခံမှု မရှိတဲ့ အွန်လိုင်းမီဒီယာက လူမှုကွန်ရက်က ဒါကိုပိုပြီးကြီးမား အောင်လုပ်လိုက်တာ”ဟု ပြောသည်။
သတင်းမီဒီယာကို သမ္မတ(သို့မဟုတ်) သဝဏ်လွှာကို ရေးပေးသည့် သူသည် နားမလည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် သတင်းမီဒီယာ (ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ ဂျာနယ်) များနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အွန်လိုင်း လူမှုကွန်ယက်ကို မကွဲပြားသည့်အတွက် ယင်းကဲ့သို့ ဝေဖန်လိုက် ခြင်းဖြစ် သည်။
သဝဏ်လွှာပါ အကြောင်းအရာဖြစ်သည့် “တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးအဖွဲ့အစိုးရနှင့်တိုက်ရိုက် သက်ဆိုင်မှု မရှိ”ဆိုသည့် အချက်အပေါ်တွင်လည်း သတင်းမီဒီယာသမားများ၏ ဝေဖန်မှုများရှိနေသည်။
“တရားစီရင်ရေး မဏ္ဍိုင်ကလည်း အစကတည်းက အုပ်ချုပ်ရေး အောက်ကိုရောက်နေတာ။ အုပ်ချုပ်ရေးဆိုတာ ပြည်ထဲရေးကို ပြောတာ။ အစိုးရက တရားစီရင်ရေးကို ဆယ်စုနှစ်များစွာ ၀င်ရောက်စွက်ဖက်ခဲ့တာ။ ခုထိ တရာစီရင်ရေးက မလွတ်လပ်သေးဘူး တစ်ခါတစ်ခါ အာဏာရှင်တွေက ၀င်ရောက်စွက်ဖက်တာမျိုးတွေ ရှိသေးတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။
သမ္မတမှ ပြန်လည်ပေးပို့သည့် သဝဏ်လွှာတွင် “မြန်မာအစိုးရ လျို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့် ရှိသည့် တရားစီရေးမှုနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည့် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ပါသည်”ဟု ရေးသားထားသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မကြာသေးမီက ဖြစ်ပွားခဲ့သည့် မီဒီယာသမားများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းပေးရန် ဇူလိုင်လ ၂၃ရက်က သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။