ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ

ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း နွားစားကျက်မြေများအား ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ် အများအပြားတွင် စားကျက်မြေများအပေါ် ကျူးကျော် ထွန်ယက် စိုက်ပျိုးမူများရှိနေဆဲဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ် မြင်းကတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၃) ရှိစားကျက်မြေ ဧက (၁၀၀) နီးပါးတွင် လူပုဂ္ဂိုလ် (၈) ဦးမှ တားမြစ်ချက်ကို လိုက်နာမူမရှိဘဲ ယနေ့အချိန်ထိ လယ်တက်ထွန်နေသည်ဟု မြင်းကတ္တော်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။

“ ရွာသားတွေဘုံပိုင်တဲ့ နွားစားကျက်မြေမှာ လယ်တက်ထွန်နေတဲ့ သူတွေကတော့ သဲတက်ရွာက (၃) ဦးနဲ့ မြင်းကတ္တော်ကျေးရွာ (၅) ဦး စုစုပေါင်း (၈) ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို လယ်ထွန်နေတာကို ပုဏ္ဏားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ကျေးရွာသား (၅၇) ဦးက ဒီလ ၈ ရက်နေ့က လက်မှတ်ထိုး စာရေး တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ ဖြေရှင်းပေးတာ မရှိသေးပါဘူး” ဟု သူက ဆိုသည်။

နိုင်ငံတော်မှ ယခင်စားကျက်မြေများအားအဖြစ် တည်ရှိခဲ့သော စားကျက်မြေများအား စားကျက်မြေအဖြစ် ပြန်လည် ထားရှိရန်၊ တရားဝင် စားကျက် ပယ်ဖျက်ခွင့်မရဘဲအကျိုးတူ ဆောင်ရွက်ခြင်း၊ သီးစားချထားခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန မှ  ၂၉-၅-၂၀၁၂  ရက်စွဲပါ စာအမှတ် ၄/၁-၁/ ဦး-၁ (၈၇၆) အားဖြင့်၎င်း၊ ပုဏ္ဍားကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၆-၂၀၁၂ ရက်စွဲပါ စာအမှတ် ၄/  ၂၅-၃/ ဦး-၁ ဖြင့်၎င်း၊ နောက်ထပ် တစ်ကြိမ်  ၂၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၄/ ၅-၃/ ဦး-၁ (၇၆၂)  တို့အရလည်း စားကျက်မြေများကို စားကျက်မြေများအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားထားသည်ဟု သိရသည်။

“ ခုလို ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် မလိုက်နာဘဲ ဆက်လက်ကျူးကျော် ထွန်ယက်နေကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီစားကျက်မြေတွေ မရှိရင် ကျွဲနွား မွေးမြူရာမှာ တော်တော့ကို အခက်အခဲရှိပါတယ်။ ဒီစားကျက်မြေ ရှိတဲ့ ကွင်းတွေကို ဒေသခံ တွေက သက္ကယ်ပြင်၊ ကူပြင်နဲ့ ခွဆုံပြင်လို့ ခေါ်ဆိုပြီး ရွာသားတွေ အစဉ်အဆက် နွားစား ကျက်မြေ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးတားမြစ်ပေးဖို့ လိုအပ် နေပါတယ်” ဟု သူက ဆိုသည်။

မြင်းကတ္တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးမှလည်း ယင်းစားကျက်မြေများပေါ်တွင် လယ်ယာထွန်စိုက်ပျိုးနေခြင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် ပုဏ္ဏားကျွန်း မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရသည်။

ယခုလို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် တရားရုံးသို့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများနှင့် အညီ အရေးယူရန် တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကျေးရွာသားများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ကျေးရွာသားများကဆိုသည်။

အလားတူ မင်းပြားမြို့နယ် မင်းဇီအုပ်စု အသေကာလနှင့် မြင်းကပ်ဆိပ်ကျေးရွာများတွင်လည်း ကျေးရွာသားများ အသုံးပြုသော စားကျက်မြေ ဧက ၅၀၀ ပေါ်တွင် အသေကာလမှ လယ်သမား ၄၆ ဦးမှ လယ်တက်ထွန်နေသဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း မင်းပြားပြည်နယ် လွှတ်တော် ဦးသာကျော်က ပြောသည်။

Most read this week