အပစ်ရပ်မူကြမ်းပါ ညှိရခက်သည့်အချက်များကို ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီတစ်ရပ် NCCT ဖွဲ့စည်းနေ

အပစ်ရပ်မူကြမ်းပါ ညှိရခက်သည့်အချက်များကို ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီတစ်ရပ် NCCT ဖွဲ့စည်းနေ
by -
မဇ္စျိမ

အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ(UPWC) နှင့် NCCT တို့ ရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်းတွင်ပါ အချက်များကို ဆွေးနွေးမည့် NCCT အဖွဲ့ဝင်များ၏ အစည်းအဝေး ကို ဇူလိုင် ၂၄ရက် မွန်းလွဲ နှစ်နာရီအထိ ကျင်းပနိုင်ခြင်းမရှိသေးပေ။

ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၄တွင်စတင် ဆွေးနွေးရန် လျာထားသော်လည်း အပစ်ရပ်မူကြမ်းပါ ညှိရခက် သည့် အချက်များကို ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီတစ်ရပ်ကို ယနေ့မနက်ပိုင်းက လိုင်ဇာဟိုတယ်တွင် ဖွဲ့စည်းနေသဖြင့် ထိပ်သီးအစည်းအဝေး မကျင်းပနိုင်သေးခြင်းဖြစ်သည်။

kachin4

အဆိုပါ ဦးဆောင်ကော်မတီကို တိုင်းရင်းသားလက်နက်ကိုင် ၁၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှ အဖွဲ့ဝင်တစ်ဦးစီဖြင့် ဖွဲ့စည်းနေခြင်းဖြစ်သည်။

“ဒါမှသာ လိပ်ခဲတည်းလဲဖြစ်နေတဲ့ အချက်တွေ ဘာတွေရှိလို့ရှိရင် အဆုံးအဖြတ်ပေးနိုင်မှာပါ။ အဲ့ဒီကော်မတီကို မဖွဲ့နိုင်ဘဲနဲ့ အစည်းအဝေးကို စလိုက်လို့ရှိရင်လည်း ကျွန်တော်တို့ ကမောက်ကမ ဖြစ်သွားလိမ့်မယ်” ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ထိပ်သီးအစည်းအဝေးကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ရက်မှ ၂၆ရက်အထိ ကျင်းပရန် ကနဦးက လျာထားသော်လည်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများဖြင့် ထပ်မံဆွေးနွေးရန် ဇူလိုင် ၂၉အထိ ကျင်းပမည်ဖြစ်သည်။

လိုင်ဇာမြို့တွင် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုမှ တစ်ဖွဲ့လျှင် ငါးဦးမှ ဆယ့်ငါးဦး အထိ ရောက်ရှိနေပြီး အစည်းအဝေးမှာ သတ်မှတ်ရက်ထက် ကြာနိုင်သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

Most read this week