ဒီဗီဘီက ဖော်ထုတ်ခဲ့သည့် လှည်းကူးမှ ခြံမြေအမှု ခြံစောင့်ဖြစ်သူ အမှုရင်ဆိုင်နေရဆဲ

ဒီဗီဘီက ဖော်ထုတ်ခဲ့သည့် လှည်းကူးမှ ခြံမြေအမှု ခြံစောင့်ဖြစ်သူ အမှုရင်ဆိုင်နေရဆဲ
by -
မဇ္စျိမ

လှည်းကူးမြို့နယ်၊ မြေကွက်နှစ်ကွက်အား သက်သေအတုများဖြင့် တရားလိုပြုခဲ့ကြောင်း တရားပြိုင်က သက်သေအစစ်များဖြင့် ထောက်ပြနိုင်ခဲ့သော်လည်း တရားရုံးက လက်မခံဘဲအမှုကို သက်သေအတုများဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်ဟု တရားရင်ဆိုင်နေရသူ ဦးဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

သက်သေအတုများအဖြစ် စာရွက်စာတမ်းများ ခိုင်လုံစွာရှိသော်လည်း တရားခွင်တွင် ငြင်းပယ်ခံရပြီး အမှုမှာ ဆက်လက်ရင်ဆိုင်နေရသည်ကို ဦးဝင်းထွန်းက မဇ္ဈိမရုံးသို့ လာရောက်ပြောကြားခြင်းဖြစ်သည်။

အမှုဖြစ်ရခြင်းအကြောင်းမှာ ၁၉၉၇ ခုနှစ်တွင် တရုတ်လူမျိုး ဦးလီယွင်းကျင်က လှည်းကူးမြို့အဝင်တွင် ၀ယ်ယူထားသည့် မြေကွက်နှစ်ကွက်ကို ၎င်း၏ဇနီးဖြစ်သူဟု သက်သေအတုများဖြင့် လိမ်လည်ကာ တရားလို ပြုခဲ့ခြင်းဖြစ်သည်။ ဦးဝင်းထွန်းမှာ ဦးလီယွင်းကျန် ပိုင်ဆိုင်သည့် ခြံနှစ်ခြံကို စောင့်ရှောက်ရန် ရပ်ကွက်လူကြီး အသိသက်သေဖြင့် အပ်နှံထားသူဖြစ်သည်။

ဦးလီယွင်းကျင်မှာ ခြံများရှိရာသို့ ပြန်မလာသည်မှာ ၁၇ နှစ် ရှိပြီဖြစ်သည်ဟု ဦးဝင်းထွန်းကပြောသည်။ ခြံများကို ပိုင်ဆိုင်ကြောင်း အမည်လွှဲအားဒေါ်လျောင်ငုတ်လင်က ၂၀၁၀ တွင် မြေစာရင်း ဦးစီးဌာနသို့ လာရောက်ပြုလုပ် ရာမှ အမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမှုရင်ဆိုင်နေရဆဲ ဦးဝင်းထွန်းက “ပိုင်ရှင်လာရင်တော့ ချက်ချင်းပြန်ပေးလိုက်မယ်။ အခုက သူက ပိုင်ရှင်လည်း မဟုတ်ဘူး၊ သက်သေတွေကလည်း အတုတွေဆိုတာ ဒီဗီဘီနဲ့ ကျွန်တော်တို့ ဖော်ထုတ်ပြီးပြီ၊ ဒါကို တရားရုံးက ဂရုမစိုက်ဘူး” ဟု ပြောသည်။

ကျပန်းအလုပ်လုပ်ကိုင်နေသည့် ဦးဝင်းထွန်းမှာ တစ်လလျှင် ရုံးချိန်း ၁၂ ကြိမ်ခန့် သွားရောက်နေရခြင်းကြောင့် စားဝတ်နေရေးပိုင်းတွင်လည်း ထိခိုက်ရသည်ဟု ဆိုသည်။

သက်သေများမှာ အတုများဖြစ်ကြောင်း သက်သေပြနိုင်သော်လည်း တရားရုံးကအရေးမစိုက်သည်မှာ နားမလည်နိုင်ဟု ဆိုသည်။

အချင်းဖြစ်ပွားခဲ့သည့်မြေကွက်မှာ ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်၊ မြို့အဝင်အနီးရှိ မြေကွက်နှစ်ကွက်ဖြစ်ပြီး ဧရိယာအားဖြင့် ၃ ဒသမ ၃၂ ဧက နှင့် ၂ ဒသမ ၁၈ ဧက ကျယ်ဝန်းသည်ဟု အရောင်းအဝယ်စာချုပ်များနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မြေကွက်နှစ်ကွက်နှင့် ပတ်သက်၍ ခွင့်ပြုချက်နှင့် အခမဲ့နေထိုင်ခွင့်ပေးထားသူအား နှင်ထုတ်ပေးစေလိုသည့် စွဲဆိုမှု (ပုဒ်မ ၄၁၆)နှင့် တရားစွဲဆိုထားပြီး တရားပြိုင်ကို သီးခြားသက်သာခွင့်ပေးထားသည့် ပုဒ်မ ၄၁၇ ဖြင့်လည်း စွဲဆိုထားသည်။

ယင်းအမှုပါ တရားပြိုင်မှာ သက်သေအတုများဖြင့် တရားခွင်တွင် အမှုအနိုင်ပေးလိုက်ကြောင်းကို သက်သေများ နှင့် တကွ ဒီဗွဘိသတင်းဌာနမှ စုံစမ်းထောက်လှမ်းသည့် သတင်းပညာရပ်များဖြင့် ဗီဒီယိုသတင်း ရိုက်ကူးကာ သတင်းဌာနများသို့ ရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။ ဒီဗီဘီသတင်းဌာနသည် ယခုအမှုကိုဆက်လက်စောင့် ကြည့်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ကိုခင်မောင်ဝင်းက “သက်သေအတုတွေကို လက်ခံပြီး စစ်ဆေးနေတာက တရားရုံးရဲ့လိုအပ်ချက်ပဲ။ တစ်ဖက်က တရားပြိုင်တင်ပြလာတာကိုလည်း လက်ခံသင့်တယ်၊ အခုချိန်မှာ ကျွန်တော်တို့ဘာမှ မပြောသေးဘူး။ စောင့်ကြည့်နေတယ်၊ အမှုဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်မှာပါ ”ဟု ဆိုသည်။

Most read this week