အလုပ်အကိုင်အခွင့်အလမ်းရှာဖွေသူများထံမှ အခကြေးငွေယူပြီး အလုပ်အကိုင် အေဂျင်စီများနှင့် ချိတ်ဆက်ပေး သည့် အေဂျင်စီများကို အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားသွားမည်ဟု မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်များအသင်းက ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆိုခြင်းဖြစ်သည်။
“အလုပ်အကိုင် အေဂျင်စီလိုင်စင်ချပေးကတည်းက အလုပ်သမားဆီက အခကြေးငွေ မယူဖို့ ပြောပြီးသားပါ။ နားလည်မှုနဲ့ ယူနေတဲ့ အေဂျင်စီတွေလည်း ရှိပါတယ်။ သတ်မှတ်ချက်နဲ့မညီတဲ့ အေဂျင်စီတွေကို အရေးယူဖို့ နောက်လ ပထမပတ်မှာ တင်ပြနိုင်မှာပါ”ဟု ဦးအောင်မြင့်က ပြောသည်။
ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်သည့် နွယ်ရိုးကုမ္ပဏီမှ တာဝန်ရှိသူက “အလုပ်သမား တွေဆီကငွေကြေးမယူပါဘူး။ ကုမ္ပဏီဆီကပဲ ယူပါ တယ်။ တစ်လကို လူအယောက် ၁၀၀ လောက် အလုပ် ရှာပေးနိုင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၄၀ကျော်ရှိသည့်အနက် အလုပ်ရှာဖွေသူများထံမှ အခကြေးငွေယူ သည့် အလုပ်အကိုင် အေဂျင်စီ ငါးခုခန့်ရှိသည်ဟု ဦးအောင်မြင့်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်အကိုင်အေဂျင်စီများက အလုပ်အကိုင်ရှာဖွေသူများထံမှ တစ်လစာ (သို့) လတစ်ဝက်စာဖြတ်တောက်မှုများရှိနေသည်ဟု အလုပ်ရှာဖွေသူများက ဆိုသည်။
“လစာက တစ်သိန်းဝန်းကျင်လောက်ရတဲ့သူတွေအတွက် ပထမလစာကို အေဂျင်စီကို ပေးရတာဖြစ်ဖြစ်၊ တစ်ဝက်ကို ပေးရတာဖြစ်ဖြစ် အတော်နစ်နာတယ်။ ဒါပေမဲ့ သူက အလုပ်ရှာပေးထားတော့ ပေးရတယ်” ဟု အင်ဂျင်နီယာဘွဲ့ရ ကျောင်းသူ မမိုးစုဝေက ပြောသည်။
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသည် အလုပ်ရှင်များထံမှ ၀န်ထမ်း၏ တစ်လစာကို အကျိုးခံစားခွင့်ရှိပြီး အလုပ်ရှာသော ၀န်ထမ်းများထံမှ အခကြေးငွေယူခွင့်မရှိဟု အလုပ်သမားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ထားသည်။