အစိုးရနှင့် နိုင်ငံရေးကိစ္စ၊ အပစ်ရပ်ကိစ္စများ မဆွေးနွေးလိုဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များသာ ဆွေးနွေးလိုသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်က မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်တွင် ပြည်နယ်အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ထားပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးမှု မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
ဦးကျော်ဝမ်းစိန်က“ကျွန်တော်တို့ ဒေသက အရမ်းဆိုးတယ်၊ဘာမှ ဖွံ့ဖြိုးမှု မရှိဘူး။ ဒီတော့ ဖွံ့ဖြိုးရေးပိုင်း ဆောင်ရွက်ဖို့ပဲ အစိုးရနဲ့ ဆွေးနွေးချင်တယ်။ နိုင်ငံရေးတွေ ဘာတွေ စိတ်မဝင်စားဘူး။ ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တာတွေပဲ ဆွေးနွေးချင်တဲ့ ဆန္ဒရှိတယ်”ဟု ပြောသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ၏ တပ်ဖွဲ့များမှာ စစ်ကိုင်းတိုင်းဒေသတွင်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဘက်ခြမ်းဒေသများတွင် အခြေစိုက်သည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီမှာ သမ္မတဦးသိန်းစိန်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးတွင် ပါ၀င်ဆွေးနွေးခြင်း မရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး လတ်မှတ်ထိုးရာတွင် နာဂအဖွဲ့မှ ထိုးရန် လိုအပ်သည်ဆိုပါက ဆွေးနွေးမှုမရှိဘဲ လတ်မှတ်ထိုးပေးမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများ အသီးသီး၌ ပြဿနာများ ဖြေရှင်းနိုင်ရန် အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်နိုင်ရန် အခွင့်အလမ်းပေးပါက တက်ရောက်မည်ဟုလည်း ၎င်းက ဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက“အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသားရေး မူဝါဒတွေ၊ ဖွံ့ဖြိုးရေး ကိစ္စရပ်ဆိုင်ရာတွေ။ တစ်ပြိုင်နက်တည်း ချမှတ်သွားဖို့ ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟုပြောသည်။
နာဂကောင်စီသည် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး အစည်းအဝေးများတွင် ဆွေးနွေးမရှိသော်လည်း သဘောတူညီမှု အပြီးသတ်လတ်မှတ်ရေးထိုးရာတွင် ပါ၀င်လတ်မှတ်ရေးထိုးရန် ခေါ်ဆောင်သွားမည်ဟု ၀န်ကြီးများက ပြောဆိုထားသည်ဟု ဦးလှမောင်ရွှေက ပြောသည်။