မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Ms.Yanghee Lee)သည် ကချင်ပြည်နယ်၊ ဝိုင်းမော်နှင့် ဗန်းမော်က ဒုက္ခသည်စခန်းများကို ဇူလိုင်လ ၂၁ရက်က သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
"ခုဝိုင်းမော်ဘက်က ဒုက္ခသည်တွေဆီသွားနေပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်သွားနေပါတယ်။ အဲဒီမှာလည်း IDP တွေဆီသွားပါမယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ(ရန်ကုန်)မှ သတင်းနှင့်ပြန်ကြား ရေးအရာရှိ ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။
ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီက ဇူလိုင်လ ၂၂ရက်တွင်မူ ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဟု ဦးအေးဝင်းက ပြောသည်။ သို့သော် မည်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။ ယင်းအပြင် ဝိုင်းမော်နှင့် ဗန်းမော်ရှိ ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံသည့် အခြေအနေကိုမူ မဇ္စျိမက မေးမြန်းရန် ဦးအေးဝင်းအား ညနေပိုင်းတွင် ထပ်မံ ဆက်သွယ်သော် လည်း အဆက်အသွယ် မရခဲ့ပေ။
ယန်းဟီးက ဇူလိုင်လ ၂၁ရက် နံနက်ပိုင်းတွင်မူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့ရုံးတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံကာ ကချင်ဒုက္ခသည်များအရေး၊ တရားစီရင်ရေးကိစ္စ၊ မိုင်းရှင်းလင်းရေးကိစ္စ၊ မြေယာအရေးနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခံရမှု ရှိမရှိ စသည့် မေးခွန်း ၁၀ခုကို မေးမြန်းခဲ့သည်ဟု ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္စျိမကို ပြောသည်။
“ကျွန်မတို့ ဝန်ကြီးချုပ် ပြောသွားတာက Reasonable (ကျိုးကြောင်းဆီလျော်) ဖြစ်ပါတယ်။ ဥပမာ မြေယာဆုံးရှုံးမှု ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်နယ်ဟာ မအေးချမ်းတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် မြေယာ ဆုံးရှုံးမှုကိစ္စတွေ သိပ်မရှိပါဘူး။ ဝန်ကြီးချုပ် ဖြေပေးပါတယ်”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ(Ms.Yanghee Lee)သည် ကချင်ပြည်နယ်၌ ဇူလိုင်လ ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်ကြာ နေထိုင်ကာ အစိုးရအဖွဲ့၊ ဒုက္ခသည်များအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံမည်ဖြစ်သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဇူလိုင်လ ၁၇ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင်ကို သွားရောက်ကာ နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံခဲ့သည်။
ဇူလိုင်လ ၁၈ရက်နှင့် ၁၉ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ၂၁ရက်နှင့် ၂၂ရက်တွင် ကချင်ပြည်နယ်၌ ရှိနေမည်ဖြစ်ကာ သူမ၏ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ကုလအထူးကိုယ်စားလှယ်သည် ၂၆ရက်၌ မြန်မာနိုင်ငံမှ ပြန်မည်ဖြစ်ပြီး လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
သူမ၏ မြန်မာနိုင်ငံအတွင်း ၁၀ရက်ကြာ လာရောက်ပြီး တွေ့ရှိချက်များကို ၆၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်သွားမည်ဖြစ်သည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ နေရာတွင် အစားထိုးဝင်ရောက်လာသူဖြစ်သည်။