အစိုးရတပ်နှင့် SSPP တိုက်ပွဲ ပြင်းထန်၊ ရွာ ၆ရွာ စစ်ဘေး ထပ်ရှောင်

အစိုးရတပ်နှင့် SSPP တိုက်ပွဲ ပြင်းထန်၊ ရွာ ၆ရွာ စစ်ဘေး ထပ်ရှောင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်း အခြေစိုက် လှုပ်ရှားသည့် သျှမ်းပြည် တပ်မတော် SSPP/ SSA တပ်စခန်းအား အစိုးရတပ် ခလရ ၂၄၈ နှင့် တခြား တပ်ဖွဲ့  စစ်ကြောင်းများက   ဂျူလိုင် ၂၀ နှင့် ၂၁ ရက်နေ့ တို့တွင် ပစ်ခတ် တိုက်ခိုက် နေသည်ဟု ဒေသအတွင်း တပ်မှူးက ပြောသည်။

၂၀၁၄ ဂျူလိုင်လ ၂၀ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့ဘက် ၈ မိုင်ခန့် အကွာရှိ ဟာ့ဝမ့်ကျေးရွာအုပ်စု၊ ပန်စယ် ကျေးရွာအုပ်စု အတွင်း အစိုးရတပ် အင်အားဖြန့် လှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်ဟု ရှေ့တန်း တပ်မှူး စိုင်းဖှလျှပ်က ပြောသည်။

001- War and Babies

“တာ့ဆန်းဘက်က တက်လာတဲ့ တပ်ဖွဲ့လေ။ ခလရ ၂၄၈ လို့ သိရတယ်။ မနေ့က ကောင်းစဝ်မိန်း က ကျနော်တို့ တပ်စခန်းကိုလာတိုက်တာ။ ဒီနေ့တော့ ပန်စယ်နားမှာ ဆက်ဖြစ်တာ။ မတတ်နိုင်ဘူး ရှောင်လို့မရဘူးလေ။ မနေ့က ကျနော်တို့တပ်စခန်းကို ၁၅ မိနစ်ခြားတခါပစ်တယ်။ မိုးချုပ်တဲ့အထိဘဲ။ ဒီနေ့တော့ မနက် ရ နာရီကျော်ကျော်လောက်ကစပြီး လက်နက်ကြီးနဲ့ထုတယ်၊ ပန်စယ်ဘက်အထိ ပျံ့သွားပြီအခု” ဟု တပ်မှူး စိုင်းဖှလျှပ်က ပြောသည်။

တိုက်ပွဲကြောင့် ပန်စယ်၊ ဝမ့်ကျောင်း၊ ပါတစ်၊ ပန်မုံ၊ ဝမ်ခန်၊ ပန်မိုက်ကေးရွာမှ ဒေသခံရွာသူရွာသားများ စစ်ဘေး ရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးအတွက် ကျေးသီးမြို့နယ်အတွင်းရောက်ရှိနေသည့် သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ပြောသည်။

“ဝမ့်ဝပ်အသွားလမ်းမှာလည်း ဗမာစစ်ကြောင်းတွေ ရှိနေတယ်။ ရွာသားတော်တော်များများက အခု တောထဲမှာ။ လုံခြံုတဲ့နေရာကိုပို့နိုင်ဖို့ ကျနော်တို့ နည်းလမ်းရှာနေပါတယ်အခု။ လူဦးရေအတိအကျ မသိရသေးဘူး ” ဟု သူကပြောသည်။

ဝမ်ဟာ့ကျေးရွာ အုပ်စုရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်မတော် အခြေကုပ် ရယူ နိုင်ပါက စစ်ရေးအရ တာ့ဖါဆောင်နှင့်အနီးအနားဝန်းကျင်အား အလိုအလျောက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း၊ ကျေးသီး - တာ့ဖါ ဆောင် - ဆိုင်ကျော့(စိန်ကျော့) လမ်းကြောင်းအား အစိုးရတပ် ထိန်းချုပ်နိုင်လျှင် SSPP/SSA ၏ သျှမ်းပြည် တောင်ပိုင်း - မြောက်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်ကြောင်း၊ ထို့အတူ မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စု တာ့ဆမ်ပူး တပ်စခန်းအား အစိုးရတပ် ထိန်းချုပ်နိုင်လျှင်လည်း သျှမ်းပြည်အလယ်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းအား စစ်ရေးအရ ဖြတ်တောက် နိုင်မည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ဟောင်း စဝ်စိုင်းကော ကပြောသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းသည် သျှမ်းပြည်တပ်မတော် SSPP/SSA က ငြိမ်းချမ်းရေး သဘော တူညီချက်အားဖေါက်ဖျက်နေကြောင်း၊ အစိုးရတပ်မတော်စစ်ကြောင်းအား အလစ်ငိုက်တိုက်ခိုက်နေကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။ ယခုဖြစ်ပွားနေသည့် တိုက်ပွဲသည်လည်း သျှမ်း ပြည်တပ်မတော်မှ စတင်တိုက်ခိုက်သည်ဟု စွပ်စွဲထားသည်။

“အပစ်မရပ်ခင်ကတည်းက တာ့ဖါဆောင် မှာ ကျနော်တို့နေတယ်။ လူထုအတွက် တံတားဆောက်ပေးတယ်။ အဲဒီတံတားကို အစိုးရတပ်က ရေနံဆီလောင်းမီးရှို့ ဖျက်ဆီးလိုက်တယ်။ အပစ်ရပ်ပြီးတော့ အဲဒီတံတား ကျနော်တို့ ပြန်ဆောက်ပေးတယ်လူထုသွားလာရေးအတွက်။ တံတားလုံခြံုရေးအတွက် ကျနော်တို့ တပ်စခန်းချထားတယ်။ အဲဒါကို ဖယ်ပေးဖို့ ထပ်လာပြောတယ်။ ဒါကျနော်တို့ မွေးရပ်မြေ ဗျာ။ စဉ်းစားကြည့်ပေါ့။” ဟု SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က နေပြည်တော်ရောက်စဉ် သျှမ်းသံတော်ဆင့်အား ပြောပြဖူးသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက် ထားကြပြီးဖြစ်သည်။