မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။
“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင်တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း
အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကိုဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။
ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့်
ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။
“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သား တွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့
အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြားခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄
ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟုဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။