မော်လမြိုင်အမှတ် (၁) အောက်စျေးကြီး မီးလောင်သွားပြီးနောက် စျေးသူစျေးသားများ စျေးဆက်ရောင်းရန် နေရာအတည်တကျ မရှိသည့်အတွက် စျေးရောင်းသူများ သာမက စျေးဝယ်သူများ အတွက်ပါ အခက်ကြံုတွေ့နေကြရသည်။
ပထမယာယီစျေးဆိုင်ခန်းများကို မီးလောင်ထားသည့် စျေးကွင်းအတွင်းတွင် စည်ပင်မှ တာဝန်ယူတည် ဆောက်ပေးပြီး တစ်ခန်းကို ၅ သောင်းဖြင့် စျေးမီးလောင်ခံထားရသည့် ဆိုင်ရှင်များကို ရောင်းချခဲ့သည်။ ယခုတစ်ခါ စျေးအသစ်ထပ်မံ တည်ဆောက်ရန်အတွက် ယာယီစျေးဆိုင်ခန်းကို ပြင်ပရှိ ကမ်းနားလမ်းတစ်လျှောက်တွင် ထပ်မံပြောင်းရွေ့လိုက်သည့်အတွက် စျေးရောင်းသူနှင့် စျေးဝယ်သူများ အခက်ကြုံနေရသည်။
“ဖောက်သည်တွေ ဘယ်ရောက်ကုန်မှန်းလည်းမသိတော့ဘူး၊ စျေးအသစ်ဆောက်မယ်ဆိုပြီးတော့ အရင်က ယာယီစျေးကို ဖျက်ပစ်လိုက်တယ်၊ အခုတစ်ခါ ကမ်းနားလမ်းတစ်လျှောက်မှာ ယာယီစျေးထပ်ဆောက်ပြန်တယ်” ဟု ယခုကမ်းနားလမ်းရှိ ယာယီစျေးတွင် ကော်ပစ္စည်းများရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအမျိုးသမီး ဆက်ပြောသည်မှာ “စျေးရောင်းသူတွေရော စျေးဝယ်သူတွေအတွက်ပါ အခက်တွေ့နေရတယ််၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဖောက်သည် ဘယ်နားသွားရှာရမှန်းတောင်မသိတဲ့အခြေနေပါ၊ ဟိုနားပြောင်းခိုင်းလိုက် ဒီနားပြောင်းခိုင်းလိုက်နဲ့ ဘယ်လိုလာအုံးမလဲမသိဘူး” ဟု ပြောသည်။
ကမ်းနားလမ်းတစ်လျှောက်ရှိ ယာယီစျေးဆိုင်ခန်းတစ်ခန်းအတွက် နေရာရဖို့ရန် ဆိုင်ပိုင်ရှင်က ၃ သောင်းပေးရကာ ဆိုင်ခန်းကို ဆိုင်ရှင်ကသာ စီစဉ်ဆောက်လုပ်ရမည် ဖြစ်သည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးကလည်း “ကျနော်တို့က ဆိုင်မှာလိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ့်ဖောက်သည်ဆိုင်မှာပဲ ဆက်ပြီးဝယ်ချင်တယ်၊ ဖောက်သည်ဆိုင်ကလည်း စျေးမီးလောင်းသွားတော့ အပေါ်စျေးကို ပြောင်းလိုက်တယ်၊ စျေးကဝေးတော့ ပစ္စည်းဝယ်ရင် သယ်ဖို့ အလုပ်သမားခပါ တစ်ခါထပ်ကုန်တယ်၊ အခုတစ်ခါ အောက်ကို ထပ်ပြောင်းပြန်တော့ ထပ်ရှာရအုံးမယ်၊ ဆိုင်ခန်းက ဘယ်နေရာလဲဆိုတာ ဆိုင်ရှင်ကလည်း မသိသေးဘူး၊ သူတို့ကလည်း ကိုယ်ရမယ့်ဆိုင်ခန်းနေရာတောင် မသိသေဘူး” ဟု ပြောသည်။
ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ထားသည့် ယာယီစျေးသည် တစ်ခန်းလျှင် အရှည် ၄ ပေကျော်ခန့်၊ အကျယ် ရ ပေကျော်ခန့်ရှိပြီး စုစုပေါင်း ဆိုင်ခန်း ၁၀၀ ကျော် ၂၀၀ နီးပါးရှိသည်ဟု မြင်တွေ့ခဲ့သူတစ်ဦး၏ ခန့်မှန်းချက်အရ သိရသည်။