ဖက်ဒရယ်မူနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

ဖက်ဒရယ်မူနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ

ဖက်ဒရယ် ဖော်ဆောင်ရေးမူနှင့် ပတ်သက်သည့် (၃) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့တွင် ဇူလိူင်လ ၁၆ ရက်နေ့က စတင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

အလုပ်ရုံဆွေးနွေးပွဲကို The Workshop On Federalism ခေါင်းစဉ်ဖြင့် စစ်တွေမြို့ရှိ River Velly စားသောက်ဆိုင်တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၃) ရက်တိုင်တိုင် ပြုလုပ်နေပြီး ယနေ့ ဇူလိုင်(၁၈) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

federal-workshop

ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်း များနှင့် အခြားသော လူမှုအဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသူများ အပါအဝင် ကိုယ်စားလှယ်(၁၀၆)ဦး တက်ရောက်ဆွေးနွေးခဲ့့ကြသည်။

ပြီးခဲ့သော ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)တွင် ချမှတ်ခဲ့သော ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး  အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယခု ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ပမှ နိုင်ငံရေး သိပ္ပံပါမောက္ခချုပ်(၃)ဦးက ဖက်ဒရယ်စနစ်နှင့် ပတ်သက်ကာ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးခိုင်ပြည်စိုးက ပြောသည်။

“နိုင်ငံခြားက ပါမောက္ခသုံးယောက်ပါတယ်၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုဟာ ဘယ်အတိုင်းအတာအထိ အဟန့်အတား ဖြစ်နိုင်လဲဆိုတာတွေကို ဆွေးနွေး ခဲ့ကြတာပါ၊ ဒါ့ပြင် ၂၀၀၈ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်အပိုင်းတွေက ပြင်ဖို့လိုလဲဆိုတာတွေကို ဆွေးနွေးနေကြပါတယ်” ဟု သူက ပြောသည်။

ဖက်ဒရယ်မူအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောဆိုသည်။

“ညီလာခံကချမှတ်ထားတဲ့ မူကိုလည်း သွေဖည်မသွားရအောင်၊ နောက်ပြီး ဖက်ဒရယ်ကို အကောင်အထည် ဖော်တဲ့ အခါ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိနေအောင် အဓိက ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကလည်း ယခုလို ပြောသည်။

“ဒီလို ဆွေးနွေးတာကောင်းပါတယ်။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ဒီလိုအများကြီး တွေ့ဆုံပြီး ပြည်နယ်အဆင့်မှာ လုပ်ရမယ်။ နောက်ပြီး တိုင်းရင်းသားအားလုံး အတူလုပ်လာနိုင်တယ်ဆိုရင်တော့ ကျွန်မတို့အတွက် ရလဒ်ကောင်း တစ်ခုပါ” ဟုပြောသည်။

လွန်ခဲ့သော ဧပြီလက ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံမှ မူဘောင် (၁၆)ခုအား ချမှတ်နိုင်ခဲ့ပြီး ထိုမူများတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုသော အချက်လည်း ပါဝင်ခဲ့သည်။

Most read this week