သြဂုတ် သို့မဟုတ် စက်တင်ဘာတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ဆိုပြန်

သြဂုတ် သို့မဟုတ် စက်တင်ဘာတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ဆိုပြန်
by -
မဇ္စျိမ

လိုင်ဇာမြို့တွင် ဇူလိုင် နောက်ဆုံးပတ်၌ ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ အစည်းအဝေးပြီးလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ရန်ကုန်မြို့တွင် ထပ်မံညှိနှိုင်းရန်ရှိနေပြီး ကျန်ရှိနေသည့်အချက် ၃၁ ချက်ကို ဆွေးနွေးပြီးပါက တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ပြီဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်တွင် မီဒီယာများကို ပြောသည်။

“လိုင်ဇာမှာ အချက်တွေ ဆွေးနွေးပြီးခါမှ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့ရှိပါတယ်။ ကျွန်တော်တို့ပါမယ်။ လွှတ်တော် ဦးသိန်းဇော်တို့ ဦးစီးတဲ့အဖွဲ့ပါမယ်။ တပ်မတော်က ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဦးစီးတဲ့ အဖွဲ့တွေ ပါမယ်။ ရန်ကုန်မှာ ဆွေးနွေးပွဲကို လုပ်နိုင်တယ်ဆိုရင်တော့ သြဂုတ်လကုန်နဲ့ စက်တင်ဘာလလောက်တော့ ထိုးဖြစ်မှာပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

အဆိုပါဆွေးနွေးပွဲကို တိုင်းရင်းသား ခေါင်းဆောင်များက ဇူလိုင် ၂၃၊ ၂၄ ရက် ၀န်းကျင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ခေါင်းဆောင်များ၏ အကြိုအပို့အားလုံးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေး သွား မည်ဟု ဆိုသည်။

“အချို့ခေါင်းဆောင်တွေက တောင်ပိုင်းကနေသွားမယ်။ တချို့ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လာမယ်။ ကျန်တဲ့ ၃၁ ချက် ကို အဲဒီမှာ ခေါင်းဆောင်ကြီးတွေ ဆွေးနွေး ဖို့ရှိတယ်”ဟု ၀န်ကြီးဦးအောင်မင်းက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် မူဝါဒအချက် အလက် စုစုပေါင်း ၁၂၂ ချက်အထိ သတ်မှတ်ထားပြီး ၉၁ ချက်ကို ညှိနှိုင်းသဘော တူထားပြီးဖြစ်သည်။

ကျန်ရှိသည့် ၃၁ ချက်ကို ရန်ကုန်မြို့ တွင် ဆွေးနွေးနိုင်မည်ဆိုပါက သြဂုတ်လ သို့မဟုက် စက်တင်ဘာလ တွင်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုနိုင်မည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် အချို့သော အဖွဲ့များနှင့် နယ်မြေသတ်မှတ်ပိုင်းခြားမှုများ မပြုလုပ်ရသေးသည့် အတွက်တိုက်ပွဲများ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့ သော်လည်း အတိုက်အခိုက်များ ဖြစ်ပွားခဲ့ သည့် တိုင် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ နောက်ဆုတ်သွားမည်မဟုတ်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

“လက်မှတ်ထိုးဖို့ အဓိကကျပါတယ်။ လက်မှတ်ထိုးမှ ပိုပြီးတော့ ခိုင်မာမယ်လို့ ပြောလို့ရတယ်။ ပိုပြီးတော့ခွဲ လို့ရမယ်။ဘီလူးစည်း၊ လူစည်း ခွဲလို့ရမှာဖြစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၁၆ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရရှိရန် ဆွေးနွေးညှိ နှိုင်းခဲ့ပြီး ၁၄ ဖွဲ့က အပစ်အခတ်ရပ်စဲရေး ဆိုင်ရာသဘောတူညီချက်များ ရေးထိုးထား ပြီးဖြစ် သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီသည် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် အလွတ်သဘော အကြိမ် ၂၅၀ ခန့် တွေ့ဆုံခဲ့ပြီး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်နိုင်ခဲ့သည်။

Most read this week