PSDP ပါတီဝင် ၅၀ကျော် နေပြည်တော်ရှိ လွှတ်တော်နှင့် အစိုးရရုံးများကို သွားရောက်လေ့လာမည်

PSDP ပါတီဝင် ၅၀ကျော် နေပြည်တော်ရှိ လွှတ်တော်နှင့် အစိုးရရုံးများကို သွားရောက်လေ့လာမည်
by -
ကေအိုင်စီ

ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီကြီးတစ်ပါတီဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)ပါတီဝင် ၅၈ဦး သည် လာမည့် ဇူလိုင် ၂၀ရက်နေ့တွင် နေပြည်တော်သို့ လွှတ်တော်နှင့် အစိုးရဌာနဆိုင်ရာ ရုံးများကို သွားရောက်လေ့လာမည်ဟု ပါတီ၏ ဒုတိယ ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

၎င်းက “ကျနော်တို့ ပါတီဝင်များ အတွေ့အကြံုရရှိအောင်ရယ်၊ နိုင်ငံတော်မှာရှိတဲ့ အစိုးရဌာနများ၊ လွှတ်တော်များက ပြည်သူများအတွက် လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုလုပ်ဆောင်ကြသလဲ။ ပွင့်လင်းမြင်သာမှု ဘယ်လောက်အထိရှိသလဲဆိုတာ သိဖို့ သွား လေ့လာမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နေပြည်တော်သို့ သွားရောက်မည့် PSDP ပါတီဝင်များတွင် ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ အဖွဲ့ဝင်များ ပါ၀င်ပြီး ဇူလိုင် ၂၀ ရက်နေ့ညတွင် ဘားအံမြို့မှ စတင်ထွက်ခွါ၍ ၂၁ရက်နေ့ညတွင်ပြန်လည်ရောက်ရှိလာ ကြမည်ဟု ပါတီဝင်များက ပြောဆိုသည်။

ထိုခရီးစဉ်တွင် လိုက်ပါမည့် PSDP အမျိုးသမီး ဥက္ကဌ နော်ယုဇနဝါက “အဓိက လေ့လာမယ့်အချက်တွေကတော့ လွှတ်တော်မှာ ဒီမိုကရေစီကျကျ ဘယ်လောက်လုပ်ဆောင်နေပြီလဲ။ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပြီလား။ ပြည်သူတွေ တင်ထားတဲ့ အချက်တွေကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်သလဲ ဆိုတာကို လေ့လာသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းခရီးစဉ်သည် PSDP အတွက် လေ့လာရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ပထမဦးဆုံးအကြိမ်သွား ရောက်မည်ဖြစ်ပြီး အစိုးရ၏ ဖိတ်ကြားမှုဖြင့် သွားရောက်ရခြင်းဖြစ်ကြောင်း PSDP ခေါင်းဆောင်များ၏ ပြောပြချက်အရ သိရသည်။

PSDP ကို ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇွန်လ ၄ရက်နေ့၌ စတင်ဖွဲ့စည်းတည်တောင်ခဲ့ပြီးနောက် ၂၀၁၀ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉နေရာ၌ အနိုင်ရရှိခဲ့ပြီး ကရင်နိုင်ငံရေးပါတီ များအနက် အဖွဲ့ဝင်ဦးရေ အများဆုံး ပါတီတစ်ခု ဖြစ်သည်။

Most read this week