ရဲအရာရှိ တစ်ဦးအား မူးယစ်ရမ်းကားသူ တစ်ဦးက ပစ်သတ်

ရဲအရာရှိ တစ်ဦးအား မူးယစ်ရမ်းကားသူ တစ်ဦးက ပစ်သတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် မြို့နယ်အတွင်း မူးယစ်သုံးစွဲ ရမ်းကားသူ တစ်ဦးက ၎င်းအား လာရောက် ဖမ်းဆီး ထိန်းချုပ်ရန် ကြိုးပမ်းသည့် ရဲအရာရှိ တစ်ဦးအား  တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ ရဲအရာရှိ သေဆုံး သွားကြောင်း ဒေသတွင်း သတင်းရပ်ကွက်အရ သိရသည်။

ဂျူလိုင်လ ၁၆ ရက် နေ့ခင်းပိုင်းက တောင်ကြီးမြို့ အရှေ့တောင်ဘက်မိုင် ၁၄၀ ကျော် ကွာဝေးသည့် မိုင်းပန်မြို့ မြောက်ဘက် ( ၆) မိုင်အကွာ ဝိုးလိုင်းကျေးရွာအုပ်စု တုံတစ်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောပေတ သည် တူမီးသေနတ်ကိုင်ပြီး ရွာအတွင်း ရမ်းကားကြောင်း၊ ၎င်းအားဖမ်းဆီး အရေးယူပေးရန် ရွာသားများက မိုင်းပန်မြို့ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းရာမှ ဒုရဲအုပ် ကျော်ဆန်းဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိုရွာသို့  ရောက်ရှိခဲ့ကြောင်း၊ စောပေတ က လန့်ကာ  တူမီး သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းသည့် ဒုရဲအုပ် ကျော်ဆန်းဦး၏ ရင်ညွှန့်တည့်တည့်ထိမှန်ရာ ဆေးရုံအရောက်တွင် သေဆုံးသွား ကြောင်း မိုင်းပန်မြို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။

ဝိုးလိုင်းအုပ်စုသား အိုက်လျောစစ် က “လက်နက်ချဖို့ ဒုရဲအုပ်က အမိန့်ပေးတယ်။ အဲဒီအချိန်မှာဘဲ ရာဘရူး စောပေတက ပစ်လိုက်တာ။  အဖမ်းခံလိုက်ရပြီ။ အခု အချုပ်ခန်းထဲမှာ  ’’ - ဟု ပြောသည်။

သျှမ်းပြည်နယ်တွင် လူငယ် နှင့် လူလတ်ပိုင်း အများအပြား မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း၊ သာရေးနာရေး အလှူပွဲများ၌ပင် ရာဘဖြင့် လျှိ့ဝှက် ဧည့်ခံခြင်းမပြုလျှင် ကူညီမည့်သူ မရှိသလောက် ရှားပါးကြောင်း၊ လူငယ် ၁၀ ဦးတွင် ရ ဦးက မူးယစ်ဆေးဝါး သုံးစွဲကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဆရာပင်ခမ်းက ပြောသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက မူးယစ်ဆေးဝါးပပျောက်လိုလျှင် - နိုင်ငံရေးပြဿနာ မလွဲမသွေ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီးပါက ဆင်းရဲ ဒုက္ခတွင်းနက်အတွင်းကျနေသည့် ပြည်သူဘဝ စားဝတ်နေရေး မြင့်တင်ပေးရ မည်ဖြစ်ကြောင်း၊ တရား ဥပဒေဖြင့် လက်တွေ့ကျကျ ထိန်းကွပ် နိုင်မှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း ပြောသည်။

Most read this week