“နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး နှင့်လုံခြုံရေးကို ထိခိုက်နိုင်ရန်အကြောင်းမရှိပါက”ဟူသည့် ကန့်သတ်ချက်စာသားများ ထပ်မံဖြည့်စွက်ထားသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဇူလိုင် ၁၆ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇူလိုင် ၉ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့် အဆိုပါဥပဒေနှင့် စပ် လျဉ်းပြီး နိုင်ငံတော်သမ္မတ၏ သဘောမှတ်ချက်တွင်မပါ၀င်သည့် အပိုဒ် ၈(က)၊ ၁၆(က)၊ ၂၂နှင့် ၂၃ တို့လို ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ဖြည့်စွက်ခဲ့ရာ ပုဒ်မ ၈(က)တွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များမှတစ်ဆင့်ချဉ်းကပ်ဆောင်ရွက်လာပါက နိုင်ငံတော်လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ရန်အကြောင်းကိစ္စများပေါ်ပေါက်လာနိုင်သည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၈(က)အရ လျှောက်ထားလာသူအား အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုမှတ်ပုံတင် ရေးအဖွဲ့၊တိုင်းသို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တို့က အသင်းအဖွဲ့အ ဖြစ်မှတ်ပုံတင်ခွင့်ပြုရန် ဆုံးဖြတ်ပါက လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ ရက် ၉၀၊ ၆၀ နှင့် ၃၀ ရက်စသ ဖြင့်မှတ်ပုံတင်လက်မှတ် ပေးရမည်ဟုပါရှိပြီး ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ကမူ လျှောက်လွှာတင်ပြီး ၁၅ ရက် အတွင်း ထုတ်ပေးရမည်ဟု ပါရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “NGO တွေ ထောင်တာက နိုင်ငံတော်လုံခြံုရေးကို ထိခိုက်ဖို့ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့အလုပ်တွေကို ၀ုိင်းကူဖို့ပါ။ ဟိုတုန်းကလည်း အရေးယူချင်ပြီဆိုရင် ဒီစကားလုံးကို အစိုးရက သုံးခဲ့တယ်။ အခုလည်း ဒီစကားလုံးက ဘယ်အတိုင်းအတာအထိ သွားမလဲ စဉ်းစားရမယ်။ တကယ်တော့ ဒီစကားလုံး မပါသင့်ပါဘူး”ဟု ဖြည့်စွက်စာသားကို ဝေဖန်ပြောကြားသည်။