သံတွဲမြို့ခံတချို့ ဖေ့စ်ဘွတ်သုံး ဘာသာရေး လှုံ့ဆော်နေသော်လည်း အရေးမယူနိုင်သေး

သံတွဲမြို့ခံတချို့ ဖေ့စ်ဘွတ်သုံး ဘာသာရေး လှုံ့ဆော်နေသော်လည်း အရေးမယူနိုင်သေး
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ဖေ့စ်ဘွတ်အကောင့်များမှ ဘာသာရေးပဋိပက္ခအသွင် လှုံ့ဆော်မှုများ ရေးသားနေသော်လည်း အရေးယူစောင့်ကြည့်မည့် အစီအစဉ်မရှိသေးဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးခင်ဇော်က ဇူလိုင် ၁၅တွင် မဇ္ဈိမကိုပြောကြားသည်။

သံတွဲမြို့တွင် ဖေ့စ်ဘွတ်အကောင့်များက ဘာသာရေး၊ လူမျိုးရေးတိုက်ခိုက်မှုများကို ရေးသားဖြန့်ဝေသည်ဟု စွပ်စွဲကာ ဇူလိုင် ၁၃ ရက်က လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး နာရီပိုင်းအတွင်း အစိုးရက လူစုခွဲကာ တားမြစ်ခဲ့ သော်လည်း ရေးသားနေသော ဖေ့စ်ဘွတ်အကောင့်များကို စောင့်ကြည့်စစ်ဆေးရန် မရှိသေးဟု ဦးခင်ဇော်က ပြောသည်။

“နားလည်မှုလွဲပြီး စုဝေးမှုဖြစ်သွားတာပါ။ အရေးယူဖို့လည်းမရှိပါဘူး၊ စောင့်ကြည့်ဖို့လည်းမရှိပါဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်တိုင်းရင်းသားများနှင့် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့များက ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်ရေး သားမှုများ ပြုလုပ်သည်ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ သံတွဲမြို့NLD ပါတီ လူငယ်တာဝန်ခံတစ်ဦးကို စွပ်စွဲထားပြီး ၎င်း၏နေအိမ်ကို လူအုပ်စုဖွဲ့၍ ၀ိုင်းဝန်းမှုများ ဖြစ်ပွားခဲ့သည်။

“ရခိုင်တိုင်းရင်းသားတစ်ရပ်လုံးနဲ့ အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့တွေကို တိုက်ခိုက်တဲ့ ပို့စ်တွေတင်တာ များတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ စောင့်ကြည့်ပေးဖို့ တိုက်တွန်းထားပါတယ်။လူ ၅၀ လောက်ကလည်း အဲဒီအိမ်ကို ၀ိုင်းပြီး သတိပေးတဲ့ သဘောမျိုးလုပ်ခဲ့ပါတယ်”ဟု ရခိုင်လူမှုကွန်ရက်မှ ဒေါ်နွယ်သာကီက မဇ္ဈိမကို ပြောသည်။

သံတွဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ ၄င်းတို့ နှစ်ဦးနေထိုင်ရာ နေအိမ်ကို လူဦးရေ ၂၀ ကျော်က ၀ိုင်းရံမှုများဖြစ် ပေါ်ခဲ့ပြီး ဒေသအာဏာပိုင်များက မိနစ်ပိုင်းအတွင်း လူစုခွဲခဲ့သည်။ ထို့နောက်တွင် လုံခြံုရေးတိုးမြှင့်ချထားကာ ၎င်းတို့၏နေအိမ်သို့ အဝင် အထွက်လမ်းမများကို သံဆူးကြိုးဖြင့် ကာရံခဲ့သည်။

ဘာသာရေးလှုံ့ဆော်မှုများရေးသားသည်ဟု စွပ်စွဲခံရသူကို သန်းထွဋ်ဦးက “ကျွန်တော့်အိမ်အနီးမှာ ဆိုင်ကယ် မတော်တဆဖြစ်မှုကို ဖြေရှင်းတာကနေ လူစုလူဝေးဖြစ်သွားတာပါ။ ကျွန်တော်ထွက် ကြည့်တာကို အထင်လွဲပြီး ဖေ့စ်ဘွတ်အကောင့်တွေက သတင်းမှားလွှင့်တာပါ”ဟု ကိုသန်းထွဋ်ဦးက မဇ္ဈိမကို ပြောသည်။

“ရခိုင်ဘက်ကရော၊ အစ္စလာမ်ဘာသာဝင်တွေဘက်ကပါ အကောင့်အတုတွေရှိပါတယ်။ ဒါကို အရေးယူဖို့ လိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်သုံးကာလှုံ့ဆော်နေမှုများအတွက် ၂၄ နာရီစောင့်ကြည့်ကာ ထိန်းချုပ်သွားမည်ဟု သမ္မတရုံး အကြီးတန်းအရာရှိက မဇ္ဈိမကို ပြောကြားထားသည်။

Most read this week