ထိုင်းနှင့် မြန်မာ စစ်ရေးလေ့ကျင့်ရန် အသင့်ဖြစ်

ထိုင်းနှင့် မြန်မာ စစ်ရေးလေ့ကျင့်ရန် အသင့်ဖြစ်
by -
မဇ္စျိမ

မြန်မာစစ်တပ်သည် ထိုင်းစစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အသင့်ဖြစ်နေကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းစစ်တပ်ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက် တွင် ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံက အာရှ-ပစိဖိတ်ဒေသတွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ရွှေမြွေဟောက်စစ်ဆင်ရေးတွင် ထိုင်းစစ်တပ်ကို ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြန်လည်လုပ်ဆောင်သွားရန် တောင်းဆိုမှုကို တုံ့ပြန်မှုမရှိခဲ့သည့် ကိစ္စပြောကြားရာတွင် ထိုင်းစစ်တပ်က အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောဆိုချက်အရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်ရေးလေ့ကျင့် ရန် အဆင့်သင့်ဖြစ်နေသကဲ့သို့ အဆိုပါ နိုင်ငံများဘက်ကလည်း ပါ၀င်ရန် အသင့်ဖြစ်နေကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံအာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်တပ်အကြီးအကဲထံမှ ယခုကဲ့သို့ ပြောစကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်၄ ရက်က ၎င်း၏ လည်ပတ်မှုအတွင်း ထိုင်းစစ်တပ်၏ အာဏာထိန်းချုပ်မှုအပေါ် ချီးကျူးပြောဆိုခဲ့သေးသည်။

နိုင်ငံရေးလေ့လာသူဦးကျော်လင်းဦးက “မြန်မာတပ်မတော်က ခေတ်မီတပ်မတော်ဖြစ်ဖို့ဆိုရင် နိုင်ငံတကာ စစ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့လိုအပ်တယ်။ ခေတ်မီလာဖို့က အိမ်နီးချင်း ထိုင်းစစ်တပ်ရဲ့ အကူအညီလည်း အများကြီး လိုအပ်ပါတယ်”ဟု ဆိုသည်။

မြန်မာစစ်တပ်၏ လက်ရှိအခြေအနေအရ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့လျှင် လေ့လာသူအဖြစ်သာ ပါ၀င်နိုင်မည်ဖြစ်ပြီး ပူးတွဲလေ့ကျင့်ခြင်းမျိုးကိုမူ နောက်ပိုင်းတွင်မှ လုပ်ဆောင်လာဖွယ်ရှိသည်ဟုလည်း ဦးကျော်လင်းဦးက ဆိုသည်။

“အမေရိကန်က လုပ်တဲ့ ရွှေမြွေဟောက်စစ်ဆင်ရေး (Cobra Gold) မှာလည်း မြန်မာက လွှတ်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အနည်းအကျဉ်းပေါ့။ မြန်မာစစ်တပ်အနေနဲ့ ထိုင်းနဲ့မှ မဟုတ်ဘဲ အမေရိကန်စစ်တပ်တွေနဲ့ လည်း ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ ဖြစ်သင့်တယ်”ဟု ၎င်းက သုံးသပ်သည်။

လတ်တလောအခြေအနေများအရ အမေရိကန်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးသည် မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေး တက္ကသိုလ်တွင် ဇွန် ၂၅ ရက်က မိန့်ခွန်းပြောကြားခဲ့ပြီးစစ်တပ်နှစ်ခု အကြား အဓွန့်ရှည်သည့် ဒိုင်ယာလော့တစ်ခု တည်ဆောက်ရန် အခြေခံအုတ်မြစ်ချမည့် မျှော်လင့်ချက်တစ်ခု ယူဆောင်သွားလိုကြောင်း ပြောခဲ့သည်။

Most read this week