တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားများ၏ အခြေခံ ပြဿနာများအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန် ဆန္ဒရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တိုင်းရင်းသား ခေါင်းဆောင်များအား ဇူလိုင် ၁၃ရက်က လာရောက် တင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် MPC အဖွဲ့ဝင်တို့ ရန်ကုန်မြို့တွင် ဇူလိုင် ၁၂ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အမှန်တကယ် လုပ်ဆောင်သွားရန်ဟူသော သဘောထားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ထံ MPC က လာရောက် ရှင်းပြခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေရဲ့ ပြဿနာကို အပစ်အခတ် ရပ်စဲရေး တခုလုပ်တာနဲ့မပြီးဘူး။ အခြေခံပြဿနာကို ရှင်းရမယ်ဆိုတာကိုလည်း သူကလက်ခံတယ်။ သူတာဝန်ရှိတဲ့အချိန်မှာလည်း အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အနေအထားတခုကို လုပ်ပေးချင်တဲ့ဆန္ဒလည်း ရှိတယ် ဒါတွေပေါ့”ဟု MPC ၏ ရှင်းပြမှုများကို ပဒိုကွယ်ထူးဝင်း က ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များ၏ လာမည့် လိုင်ဇာ ထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်ချက် ရလဒ်ကောင်း ရရှိမည်ဟု မျော်လင့်ကြောင်း MPC က ပြောဆိုခဲ့သေးသည်ဟုလည်း သူက ဆိုသည်။
လိုင်ဇာထိပ်သီးအစည်းအဝေး မတိုင်မီ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သော် လည်း သမ္မတ၏ သဘောထား အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိသေးပေ။
“သမ္မတကြီးကနေ အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့သဘောထားပေါ့။ ကျနော်တို့ အစည်းအဝေးတွေ အောင်မြင်ဖို့၊ ကျနော်တို့ လိုင်ဇာခရီး ထွက်တော့မယ်ဆိုတော့ သူတို့ အမြင်သဘောထားနဲ့ အကြံဉာဏ်လာ မှာကြားတာပါ။ အခြေအနေ ကောင်းတယ်လို့ ဆိုရင်လည်း ပြောရင်လည်း ရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
သို့သော် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် သမ္မတဦးသိန်းစိန်က ၂ဝ၁၁ခုနှစ်ကတည်းက ယခုချိန်ထိ မကြာခန ပြော နေသော်လည်း လက်တွေ့တွင် အကောင်အထည်မပေါ်သေးပေ။
တင်ပြချက်များကို တိုင်းရင်းသားခေါင်းဆောင်များက သက်ဆိုင်ရာ ဌာနချုပ်များသို့ ပြန်လည် တင်ပြ၍ လိုင်ဇာ ထိပ်သီးအစည်းအဝေးသို့ အကြံဉာဏ်များ ရယူမည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။
တွေ့ဆုံပွဲတွင် NCCT မှှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် MPC မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး တို့ ၅ ဦး ်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။