မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၌ မည်သည့်ကဏ္ဍတွင်မဆို ပါဝင်မည်မဟုတ် ထုတ်ဖော်ပြောကြား

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၌ မည်သည့်ကဏ္ဍတွင်မဆို ပါဝင်မည်မဟုတ် ထုတ်ဖော်ပြောကြား
by -
မဇ္စျိမ

မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်း အရုံးအနေဖြင့် ၄၃၆ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုများတွင် မည်သည့်အခန်းကဏ္ဍမျိုးတွင်မဆို ပါဝင်ဆောင်ရွက်သွားမည် မဟုတ်ဟု မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌ ပန်တျာဦးမြကြည် က မဇ္စျိမကို ပြောသည်။

၄၃၆ ဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုကို မြန်မာတစ်နိုင်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အနေဖြင့် တာဝန်ယူဆောင်ရွက် မှုမျိုး နှင့်အနုပညာဖြင့် သွေးထိုးလှုံဆော်မှုများ အပါအဝင် လုပ်ဆောင်မှုမျိုးများတွင်မဆို လုပ်ဆောင်သွားမည် မဟုတ်ဟု ၎င်းကပြောကြားလိုက်ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ သဘင်အစည်းအရုံးအနေနဲ့ ၄၃၆ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ် ဖော်မှုမှာ ဘယ်လို အခန်းကဏ္ဍမျိုးကမှ တာဝန်ယူဆောင်ရွက်သွားမှာ မဟုတ်ပါဘူး၊ အမှန်ကို ပြောရ ရင် ၄၃၆ ဥပဒေဆိုတာကို ပြည်သူလူထုကို သေချာအောင် နားလည်အောင် အရင်ရှင်းပြသင့်ပါတယ်။ ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ပြောရရင် ၄၃၆ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးမထိုး ပါဘူး၊ သဘင်အစည်းအရုံး အင်းအဖွဲ့အနေနဲ့လည်း အုပ်စုဖွဲ့ပြီး လက်မှတ်ထိုးတာ တို့ကိုလည်း ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အစည်းအရုံးဝင်တွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်နာမည်သုံးပြီး လက်မှတ်ထိုး ရင်လည်း ကျွန်တော်တို့က ဘာမှမပြောပါဘူး။ ပြောချင်တာက အစည်းအရုံးအနေနဲ့ ၄၃၆ ဥပဒေပြင်ဆင်ရေး အတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုမှာ ဘယ်လိုမျိုးမှ ပါဝင်ပတ်သက်မှုမျိုး ပြုလုပ်မှာမဟုတ်ဘူး"ဟု ပန်တျာဦးမြကြည်က ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လှုပ်ရှား ကြွစွာဆောင်ရွက်နေကြသော်လည်း ပုဒ်မ ၄၃၆ ကို ပြည်သူလူထုက သေချာစွာ နားလည်ခြင်း မရှိခြင်းကြောင့် လက်မှတ်ရေးထိုးမှုကို တွန့်ဆုတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးသူဦးရေ ၃.၃ သန်းကျော်သာ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

Most read this week