မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို

မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို
by -
နိရဥ္စရာ

စစ်အစိုးရခေတ်တွင် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းကျေးရွာလယ်သမားများထံမှ စစ်တပ်က သိမ်းယူခဲ့သော လယ်မြေများအထဲမှ တစ်ချို့အား ပြန်စွန့်လွှတ်ရာ ပြန်ပေးသည့် လယ်မြေဧကမှာ နည်းလွန်းသဖြင့် ကြောင်ရှည်ချောင်း ရွာသားများအနေဖြင့် လက်ခံသွားမည်မဟုတ်ဟု ကျေးရွာသားများက နိရဥ္စရာသို့ ပြောဆိုသည်။

စစ်တပ်က သိမ်းယူထားသွားသော လယ်မြေဧက (၁၀၀၀) နီးပါးထဲမှ (၁၃၅)ဧကကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု မင်းပြားမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဇွန်လ(၁၇)ရက်နေ့နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာ ဇွန်လ (၁၉) ရက်နေ့တွင် စာထုတ်သည်မှာ မှားယွင်းသွားသည်ဟု ဆိုကာ (၇၅)ဧကကိုသာ ပြန်ပေးတော့မည်ဟု ပြောဆိုလာသဖြင့် ရွာသားများက ထိုလယ်မြေ(၇၅)ဧကကို လက်မခံကြတော့ကြောင်း၊ လက်ခံရန် ငြင်းဆိုနေကြကြောင်း ကြောင်ရှည်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက ပြောသည်။

“သိမ်းထားတဲ့မြေတွေထဲက (၁၃၅) ဧကလုံးကို ပြန်ပေးတယ်ဆိုပြီး ဇွန်လ(၁၇)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေး ဌာနက အကြောင်းကြားစာ ရောက်လာတယ်။ ဇွန်လ (၁၉)ရက်နေ့ရောက်တော့ စာထုတ်တာ မှားသွားတယ် (၇၅)ဧကတည်းပေးမယ်ဆိုပြီး မြို့နယ်က ပြန်အကြောင်းကြားလာတယ်။အဲ့ဒီမှာ ရွာသားတွေက (၇၅) ဧက ဆိုရင် မယူတော့ဘူးဆိုပြီး ဖြစ်ကုန်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း လက်မှတ်မထိုးခိုင်းတော့ဘူး” ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံသို့ နိရဥ္စရာမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူက ယခုလို ပြောဆိုသည်။

“  ကျွန်တော်တို့က မှားယွင်းပြီးတော့ ပေးမိလိုက်တာပါ။တပ်ကတော့ လာပြောပြတယ်ပေါ့။ သူတို့ပေးတာ (၇၅)  ဧကတည်းဆိုပြီး ကျွန်တော်တို့ကို အထောက်အထားတွေနဲ့ လာပြန်ပြတယ်ပေါ့။အဲ့ဒီတော့ ကျွန်တော်တို့ ပြင်ဆင်တဲ့စာကို ပြန်ထုတ်ပေးလိုက်တာပါ၊ကျွန်တော်တို့မှားပြီးတော့ ပြောမိတာကို ရွာသားတွေက အတည် ယူပြီးတော့ (၇၅)ဧက ဆိုရင် မယူတော့ဘူး။ (၁၃၅)ဧကရမှ ယူမယ် အဲသလို ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဒါတွေကို အကုန်ရှင်းပြထားပြီးပါပြီ။ ပြီးခဲ့တဲ့ လကုန်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာမြေ အသုံးချမှု ကော်မတီကို ပြောပြီးပါပြီ” ဟုပြောသည်။

ယခု စစ်တပ်က ပြန်စွန့်လွှတ်လိုက်သော လယ်မြေ(၇၅)ဧကကို ရွာသားများအနေဖြင့် လက်ခံရမည်ဖြစ်ကြောင်း ဦးအောင်နိုင်က ဆက်ဆိုသည်။

“သူတို့က လက်မခံလို့မရဘူး။ တပ်က ဒါပဲစွန့်တယ်ဆိုရင် ဒါပဲလက်ခံရမှာလေ။ လက်မခံဘူးဆိုလို့တော့မရဘူးခင်ဗျ။ လက်မခံဘူးဆိုတာကတော့ သူတို့အပိုင်းပေါ့နော်။ ကျွန်တော်တို့က ကျေးရွာမြေအသုံချမှုကော်မတီကို ချပေးလိုက်တာပေါ့။ အဲဒီကော်မတီကပဲ စိစစ်ပြီး ပြန်တင်ပြပေးရမှာပေါ့” ဟု ဆိုသည်။

ကြောင်ရှည်ချောင်းကျေးရွာမှ လယ်မြေဧက (၁၀၀၀) နီးပါးကို ၁၉၉၆ ခုနှစ်တွင် မင်းပြား အခြေစိုက် အမှတ် ၅၄၁ တပ်ရင်း၊ အမှတ် ၃၇၉ တပ်ရင်း၊အမှတ် ၃၈၀ တပ်ရင်းနှင့် မြေစာရင်းဌာနတို့မှ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ယင်းလယ်မြေထဲမှ (၁၃၅) ဧကကို ပြန်ပေးမည်ဟု အစပိုင်းတွင် တရားဝင် အကြောင်းကြားစာပို့လာပြီး နောက် (၂) ရက်အကြာတွင် (၇၅) ဧကကိုသာ ပေးတော့မည် ဖြစ်ကြောင်း ပြောဆိုလာသဖြင့် ကျေးရွာသားများက မကျမနပ် ဖြစ်ကာ နောက်ဆုံးပေးမည်ဆိုသော (၇၅) ဧကကိုလည်း လက်ခံရန် ငြင်းဆိုကြခြင်း ဖြစ်သည်။

Most read this week