ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်း တိုးမြင့်ဖွင့်လှစ်

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်း တိုးမြင့်ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇူလိူင်လ (၉) ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ကျောင်းဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို နံနက်(၉)နာရီအချိန်တွင် စတင် ကျင်းပရာ  ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် ပညာရေးဝန်ကြီးဌာနမှ အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ  တိုးမြှင့်သတ်မှတ်ပေးခဲ့သဖြင့် အထူးဝမ်းသာရပါကြောင်း၊ သဝင်ချောင်း ကျေးရွာ အနီးအနားရှိ ကျောင်းသားကျောင်းသူများ ပညာရေးအတွက် အလွန်အကျိုးရှိပါကြောင်း သဝင်ချောင်း အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောယဉ်က နိရဥ္စရာသို့  ပြောသည်။

“ ဒီလို အထက်တန်းကျောင်းအဆင့်ကို တိုးမြင့်သတ်မှတ်ပေးတဲ့အတွက် ကျေးရွာအတွက်ရော၊ အနီးအနား ကျေးရွာတွေအတွက်ပါ အထောက်အပံ့အများကြီးဖြစ်ပါတယ်။ အခု အထက်တန်းကျောင်းအတွက် ဆရာ/ ဆရာမ လည်း (၁၃)ယောက်ကိုလည်း တစ်ပါတည်း ခန့်လိုက်ပါတယ်။ ကလေးတွေအနေနဲ့ အထက်တန်းပညာ အဆင့်ကို အိမ်ကနေ ဆရာ ဆရာမအင်အားပြည့်စုံစွာနဲ့ သင်ကြားခွင့်ရတော့မှာ ဖြစ်ပါတဲ့ အတွက် ကလေးတွေနဲ့ အတူ ရွာကလူတွေလည်း သိပ်ပျော်နေကြတယ်” ဟု ပြောသည်။

ယခုကဲ့သို့ သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်း အဖြစ် နိုင်ငံတော်မှ တိုးမြှင့် ပေးခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း သဝင်ချောင်းကျေးရွာမှ ရပ်မိ ရပ်ဖ တစ်ဦးဖြစ်သူ ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ဆိုသည်။

“ ဒီလို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးတဲ့ အတွက် သဝင်ချောင်းရွာက ကျောင်းသူ ကျောင်းသားတွေ အတွက်သာမက ဒီတိုက်နယ်မှာရှိတဲ့ အုပ်စု (၉) စုက ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်အတွက်လည်း အထူး အကျိုးရှိစေပါတယ်။ ဒါပေမယ့် သဝင်ချောင်းကျောင်းကို အထက်တန်းကျောင်း အင်္ဂါနဲ့ ညီအောင် ကျောင်းဆောင်သစ်တွေ တိုးချဲ့ ဆောက်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။

သဝင်ချောင်းကျောင်းကို ၁၉၄၆ ခုနှစ်တွင် မူလတန်းကျောင်းမှ အလယ်တန်းကျောင်းအဖြစ်သို့ လည်းကောင်း၊ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် အထက်တန်းကျောင်းခွဲအဖြစ်သို့လည်းကောင်း အဆင်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ သဝင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ (၇၀၀)နီးပါး ပညာသင်ကြားလျှက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာဆရာမအင်အား (၃၈) ဦးရှိကြောင်း သိရသည်။

Most read this week