အိမ်ထောင်စုနှင့် မှတ်ပုံတင်တွင် လူမျိုးအမည် မှားယွင်းနေပါက ပြန်လည်လျှောက်ထား ပြုပြင်နိုင်

အိမ်ထောင်စုနှင့် မှတ်ပုံတင်တွင် လူမျိုးအမည် မှားယွင်းနေပါက ပြန်လည်လျှောက်ထား ပြုပြင်နိုင်
by -
မဇ္စျိမ

အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များတွင် လူမျိုးစာရင်း မှားယွင်ပြီးထုတ်ပေးထားမှုများရှိလျှင် သက်ဆိုင်ရာ အိမ်ထောင်စုဝင် မိသားစုများက လူမျိုးအမည်ကို ပြန်လည် ပြောင်းလဲပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို လုပ်ထုံး လုပ်နည်းများနှင့်အညီ လျှောက်ထားနိုင်သည်ဟု ဒုတိယဝန်ကြီး ဦးဝင်းမြင့်က  လွှတ်တော်တွင် ပြောသည်။

“တိုင်းရင်းသားလူမျိုးစု မျိုးနွယ်စုများ စာရင်းပြန်လည်ပြုပြင်ပြောင်းလဲ မှတ်သားပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်က လူမျိုး စာရင်း မှန်ကန်မှု ပြန်လည်ရရှိစေရန် သက်ဆိုင်ရာများက ဆောလျင်စွာ ပြန်လည် ပြုပြင်ပြောင်းလဲ မှတ်သားပေးနိုင်မည့် အစီအစဉ်ရှိမရှိနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် မေးမြန်းခြင်းဖြစ်သည်။

“ရှမ်းလူမျိုး အိမ်ထောင်စုစာရင်းများတွင် ဗမာဟု ထည့်သွင်းထားပါတယ်။ အဲဒါကြောင့် တိုင်းနဲ့ပြည်နယ်များ တွင် သက်ဆိုင်ရာ တိုင်းရင်းသားဝန်ကြီး တစ်နေရာအတွက် နစ်နာလျက်ရှိပါတယ်”ဟု မေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒုတိယ ၀န်ကြီးက ဖြေကြားရာတွင် လူမျိုးစာရင်း ရေးသွင်းသည့်အခါတွင် ရေးသွင်းသူက မိမိသဘောဖြင့် စတင်ရေးသွင်းခြင်းမျိုး မဟုတ်ဘဲ မိဘအထောက်အထားများနှင့် ရှေ့နောက် ညီညွတ်မှန်ကန်သည့် ကာယကံရှင်တို့၏ ပြောဆိုချက် အတိုင်းသာ ရေးသွင်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။