မူကြိုအရွယ်ကလေး ၂၀ ရာခိုင်နှုန်းကျော်သာ ပညာသင်ခွင့်ရ

မူကြိုအရွယ်ကလေး ၂၀ ရာခိုင်နှုန်းကျော်သာ ပညာသင်ခွင့်ရ
by -
မဇ္စျိမ

မြန်မာနိုင်ငံလုံးတွင် မူကြိုအရွယ်ကလေး ဦးရေစုစုပေါင်း ရှစ်သန်းနီးပါး ရှိသည့်အနက် ၂၂ ဒသမ ၉ ရာခိုင်နှုန်း (၁,၈၄၀,၀၀၀) ၀န်းကျင်သာ မူကြိုဝန်ဆောင်မှုကို ရရှိနေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်နေရာပြန် လည် ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောသည်။

“ကျွန်မတို့နိုင်ငံရဲ့ မူကြိုကျောင်းတက်မှုနှုန်း နိမ့်ကျနေချိန်မှာ အာဆီယံဒေသတွင်း ပျမ်းမျှမူကြိုကျောင်း တက်နှုန်းဟာ ၂၀၁၀ ခုနှစ်မှာ ၅၇ ရာခုင်နှုန်းရှိနေပြီဖြစ်ပါတယ်” ဟု နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒမိတ်ဆက်ပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ၂၀၁၂ ခုနှစ်မှ စတင်၍ ကဏ္ဍပေါင်းစုံ ပါ၀င်အောင် ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံရှေးဦးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ (Myan mar Policy for Early Childhood Care and Development; ECCD Policy)  ကို ယနေ့ဖြန့်ချိနိုင်ခဲ့သည့် အပြင် လုပ်ငန်းစဉ်ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ပြော ကြား သည်။

မွေးကင်းစ ကလေးငယ်မှ အသက် ငါးနှစ်အရွယ်တွင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု သည် ၈၅ ရာခိုင်နှုန်းအထိ ရှိသည်ဖြစ်၍ ငယ်ရွယ်စဉ်အချိန်မှ စတင်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူ ၀ါဒရေးဆွဲ အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ယင်းမူဝါဒ၏ ထူးခြားချက်မှာ လက်ရှိ ဖြစ်နေသော ကလေးများအခြေအနေ၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပျက်နေသော အခြေအနေများဖြင့် ရေးဆွဲခဲ့ကြောင်းကို “ပညာရှင်တွေချည်းပဲ အခန်းထဲမှာ ထိုင်ရေးနေတာ မဟုတ်ပါဘူး။ ဒီပညာရှင်တွေက နိုင်ငံတကာမှာရှိတဲ့ ပညာရပ်တွေကို ပံ့ပိုးပေးတယ်။ ပြီးရင် ကျွန်တော်တို့ ကျေးရွာတွေအထိ ဆင်းပြီး လူထုနဲ့တွေ့တယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ အကြံ ဉဏ်တွေ ရယူဆောင်ရွက်ခဲ့ပါတယ်”ဟု လူမှု ၀န်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအောင်ထွန်းခိုင်က ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး ကလေးသူငယ် ဥပဒေ(၁၉၉၃)ကို ပြန်လည်ပြင်ဆင်လျက်ရှိပြီး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကိုလည်း ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။

Most read this week