အကြမ်းဖက်သူများက မီဒီယာများကို ခြိမ်းခြောက်လာမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) (MPC) နှင့် ဂျာနယ်လစ်ကွန်ရက်(MJN)တို့က ဇူလိုင် ၈ ရက်က ကြေညာချက်ထုတ် တိုက်တွန်းလိုက်သည်။
မန္တလေးမြို့၌ ဇူလိုုင်လဆန်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သည့် သတင်းနှင့် သတင်းဓာတ်ပုံ များ ဖော်ပြသည့် သတင်းဌာနနှင့် သတင်းထောက်အပေါ် ခြိမ်းခြောက်စာနှင့် ဖုန်းများလက်ခံရရှိခြင်း၊ လူမှုကွန်ရက် မီဒီယာပေါ်တွင် သတင်းထောက်၏ ဓာတ်ပုံများကိုဖော်ပြ၍အကြမ်း ဖက်ရန် လှုံ့ဆော်လျက် ရှိခြင်းတို့သည် သတင်းမီဒီယာကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်ကမှ ရှုမြင်သည့်အတွက် ရှုတ်ချကြောင်း၊ လတ်တလော ပဋိပက္ခဖြစ်ပွားမှုတွင် အကြမ်းဖက်ရန် နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့် သော်လည်းကောင်း သို့မဟုတ် ကိုယ်တိုင် ကိုယ်ကျလှုံ့ဆော်သူများကိုု တရားဥပဒေစိုုးမိုုးရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးနိုုင်ခြင်းမရှိခဲ့သည့်နောက် အကြမ်းဖက်သူများက သတင်းမီဒီယာသမားများကို ပစ်မှတ်ထားလာကြ သဖြင့် အစိုးရက အကြမ်းဖက်လှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူရန် လေးနက်စွာ တိုက်တွန်းပြီး သတင်းမီဒီယာများ ခြိမ်းခြောက်ခံနေရမှုများကိုလည်း ထိရောက်စွာ အကာအကွယ်ပေးသွားရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က“အစိုးရက သတင်းသမားတွေ၊ သတင်းဌာန တွေခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး အရေးယူတာ အားနည်းပါတယ်။ အစိုးရက မီဒီယာသမားတွေကို ကာကွယ်ပေးဖို့၊ နောက်တစ်ခုက ခြိမ်းခြောက်သူတွေကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်”ဟု ပြော သည်။
ထိုသို့ပင်မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း မီဒီယာသမားများအားလုံးအကြမ်းဖက်မှု ဘေးအန္တရာယ်မှ ကင်းစေရန်နှင့် လှုံ့ဆော်၊ ခြိမ်းခြောက်၊ ကျူးလွန်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန်ကို လည်း ဇူလိုင်လ ၈ ရက် ရက်စွဲ ဖြင့်ပင် ထုတ်ပြန်လိုက်သည်။
စာနယ်ဇင်းကောင်စီက မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး အရေခြံု ပဋိပက္ခများတွင် သတင်းတာဝန်ထမ်းဆောင်နေသော သတင်းမီဒီယာသမားများကို အစွန်းရောက် အကြမ်းဖက်လိုသူအချို့က ဓာတ်ပုံရိုက်ယူခြင်း၊ အွန်လိုင်းလူမှုရေး စာမျက်နှာပေါ်များတွင် မီဒီယာ၊ သတင်းထောက်နာမည်များနှင့် ဓာတ်ပုံများတွဲတင်ကာ ဘက်လိုက်ရေးသားသူများဖြစ်ကြောင်း ဖြန့်ဝေခြင်းသတင်း မီဒီယာအချို့ထံ ဘက်လိုက်ရေးသားပါက အန္တရာယ်ပြုမည်ဟု တယ်လီဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခြင်းတို့ကို သိရှိရသည့်အတွက် သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းသမားတွေကို အထူးတလည် ကာကွယ်ပေးဖို့ကို ပြောတာ မဟုတ်ပါဘူး။ သတင်းသမားတွေကလည်း နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံသားတွေကို အကာအကွယ်ပေးသလို အကာအကွယ်ပေးရမှာပါ။ မီဒီယာသမားတွေအနေနဲ့လည်း ဥပဒေအရ အာဏာပိုင်တွေဆီက လုံခြံုရေးတောင်းခံခွင့်ရှိပါတယ်”ဟု ပြောသည်။
သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်းနှင့် အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီသတင်းရယူစဉ်တွင် လုံခြံုရေးဆိုင်ရာအဖွဲ့အစည်းများရှိပါက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဟု မတ်လ ၁၄ ရက်က ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာ ဥပဒေတွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် မီဒီယာသမားများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ လုံခြံုရေးတာဝန်ရှိသူများက ကာကွယ်စောင့် ရှောက်မှုပေးရန်လည်း စာနယ်ဇင်းကောင်စီ၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။