အင်တာနက်ကို အသုံးပြု၍ ပဋိပက္ခဖြစ်စေရေး လှုံ့ဆော်နေသည်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ပိုင်ခွင့်မရှိ သကဲ့သို့ အဖွဲ့များ၊ အထောက်အကူပစ္စည်းများလည်း မရှိဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ် ၀င်းခေါင် က ဇူလိုင် ရ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ပစ္စည်းနဲ့လုပ်ပိုင်ခွင့်တွေ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှမရှိပါဘူး။ အဓိကကတော့ တရားဥပဒေ စိုးမိုးရေးအတွက်ပဲ ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သေချာသက်ဆိုင်တာတော့ ဆက်သွယ်ရေးပါပဲ။ ကျွန်တော်တို့က ဆိုက်ဘာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အဖွဲ့လည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လအစောပိုင်းက သတင်းစာနှင့် သတင်းဝက်ဘ်ဆိုက်အချို့ကို သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ရေးသားသူ အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာတို့ကို အင်တာနက်မှတစ်ဆင့်ခြေရာခံ ဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လေ့ကျင့်ခြင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု ဖော်ပြထားသော်လည်း ရဲမှူးချုပ် ၀င်းခေါင်ကမူ ထိုသို့ဆောင်ရွက်နေခြင်း မရှိဟု ငြင်းဆိုသည်။
မန္တလေးပဋိပက္ခများ မဖြစ်ပွားမီ၌ အင်တာနက်လူမှုကွန်ရက်တွင် လှုံ့ဆော်သည့် ရေးသားမှုများ တွေ့ခဲ့ရသေးသည်။ ယင်းရေးသားမှုများအပေါ် အခြေခံ၍ သွားရောက်ကြည့်ရှုခြင်း၊ တုံ့ပြန်မှုပြုခြင်းများ ကြောင့် မန္တလေးမြို့တွင် လေးရက်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အပျက်အစီးများလည်းရှိခဲ့ကာ ပုဒ်မ ၁၄၄ ပင် ထုတ်ပြန်ထားရသည်။
စစ်အစိုးရလက်ထက် နာမည်ကျော်ခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄၊ ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ပြစ်ဒဏ်များလျှော့ပေါ့၍ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီးသော်လည်း ပဋိပက္ခစေရန် အင်တာနက်၌ ရေးသားလှုံ့ဆော်မှုများကို မည်သည့် ဌာနကမျှ အရေးယူခြင်း မရှိသေးပေ။ စစ်အစိုးရ လက်ထက် အဆိပါဥပဒေဖြင့် ထောင် ၁၅ နှစ် ချခံခဲ့ရသူ ဘလော့ဂါ နေဘုန်းလတ်က “ထောက်လှမ်းရေးတွေ တော်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လုံးဝမလုပ်ဘူး၊ မျက်ကွယ်ပြုထားတယ်”ဟု ဆိုသည်။
သတင်းထောက်များပင် မရနိုင်သည့် ဓာတ်ပုံများကို အင်တာနက်တင်ခြင်းကိုလည်း မေးခွန်းထုတ်လိုသည်ဟု ၎င်းက ပြောသည်။ ပဋိပက္ခများစတင်ခဲ့သည့် ၂၀၁၂ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်နီမော် ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် ပြစ်မှုတစ်ခု၏ ဓာတ်ပုံ အင်တာနက်ပေါ်ရောက်ခဲ့သည့်အပေါ် ဝေဖန်သူ အများအပြား ရှိခဲ့သည်။ မြို့တော်စစ်တွေမြို့၌ပင် တယ်လီဖုန်းလိုင်းမိရန် ခက်ခဲသည့်အခြေအနေတွင် ပြည်နယ်၏ အစွန်အဖျားတွင်ရှိသည့် အရပ်ဒေသမှ ဓာတ်ပုံတစ်ခု အင်တာနက်တွင် အလျင်အမြန်တက်လာခြင်းကို အံ့သြခဲ့ကြခြင်းဖြစ်သည်။
ဇူလိုင်၂ ရက် မန္တလေးဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုတွင် ပဋိပက္ခစတင်မည့် နေရာ၊ ဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာ ရသည့် ဓာတ်ပုံများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်ထားသူ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက လူမျိုးနှင့် ဘာသာစောင့်ရှောက်ရေး ဆောင်ရွက်နေခြင်းသာဟု ဇူလိုင် ၅ ရက်တွင် မဇ္ဈိမကို မိန့်သည်။
“Wira Thu (၀ီရသူ) ဆိုတဲ့ ဖေ့စ်ဘွတ်က ဦးဇင်းတရားဝင်သုံးတဲ့ဟာပါ။ ဟိုတလောက မသုံးတော့ဘူးလို့ ကြေညာတယ်ဆိုတာက တခြားအဖွဲ့အစည်းတွေက တမင်သက်သက် မဟုတ်တာကို ပြောတာပါ။ အဲဒီတုန်းက အကောင့်ကလော့ခ်ကျသွားလို့ ပြန်လုပ်နေတဲ့အချိန် နှစ်ရက်လောက်အတွင်းမှာ ဒီလိုဖြစ်သွားတာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ အဖြစ်အပျက်တွေကို နာမည်နဲ့ အတိအလင်းတွေ တင်တာကတော့ လူမျိုးနဲ့ အမျိုးဘာသာကို စောင့်ရှောက်ချင်တဲ့အတွက် အဲဒီလိုတွေ လုပ်နေတာပါ”ဟု မိန့်သည်။
ထို့အတူ အစ္စလာမ်ဘာသာဝင်အမည်များ ဖော်ပြထားသည့် အင်တာနက်လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာများကလည်း ဂျီဟတ် (ဘာသာရေးစစ်ပွဲဆင်နွှဲရန်) လှုံ့ဆော်ရေးသားမှုများ၊ ဓာတ်ပုံများ ဦးဝီရသူနှင့် ဗုဒ္ဓဘာသာ တက်ကြွသူတို့၏ ဖေ့စ်ဘွတ် စာမျက်နှာများတွင် မဖွယ်မရာဓာတ်ပုံများ၊ စာသားများ၊ စိန်ခေါ်ရေးသားမှုများလည်း ရှိနေသည်။
မန္တလေးတိုင်း၏ တာဝန်အရှိဆုံးပုဂိ်္ဂုလ် ၀န်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်ကပင် လှုံ့ဆော်သည့် ရေးသားမှုများကို အချိန်မီ ဖြေရှင်းခဲ့ရသည်ဟု မီဒီယာတို့ကို ပြောခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မန္တလေးဖြစ်စဉ် အချိန်အတွင်း တာဝန်သိ လူမှုကွန်ရက် အသုံးပြုသူများဖြစ်စေရေး ကူညီပံ့ပိုးပေးခဲ့သည့် အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ်နှင့် ဆီလီကွန်ဗဲလီမှ သက်ဆိုင်သူများကို အသိအမှတ်ပြုသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။ သမ္မတ ဦးသိန်းစိန်က လှုံ့ဆော်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု ဇူလိုင် ရ ရက်က ထပ်မံ သတိပေးခဲ့သည်။