နိုင်ငံ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသည့် အလုပ်သမားထုကို ပါတီဝင် အင်အားတိုးလာရေး ချဉ်းကပ်ရန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကရှေ့ဆက်လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းချမှတ် လိုက်သည်။
လုပ်ငန်းစဉ် ကိုးချက်အနက်“အလုပ်သမားထုတစ်ရပ်လုံး ပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအပေါ် သက်ဝင်ယုံကြည်၍ ပူးပေါင်းဆောင်ရွက်လာစေရန်” ဆိုသည့်အချက်ပါ၀င်သည်။ အစိုးရရုံးစိုက်ရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ဇူလိုင်လ ရ ရက်က ကျင်းပသည့် “တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)” ပိတ်ပွဲအခမ်းအနားအပြီး ရှေ့ဆက်လုပ်ငန်းစဉ် ချမှတ်ခြင်း ဖြစ်သည်။
“မိမိတို့ပါတီကို ပြည်သူများက ထောက်ခံမဲပေးနိုင်ရန်ပါတီဝင် တောင်သူလယ်သမားများ၊ အလုပ်သမားများနဲ့ လူငယ်များ စုစည်း၍ အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြည်သူများအတွင်းကျပ်ပြည့်၊ တင်းပြည့်စည်းရုံးဖို့နဲ့ မည်သူကိုမျှ ချန်လှပ်ထားခြင်း မပြုရန် လိုအပ်မှာဖြစ်ပါတယ်” ဟု ပါတီဥက္ကဋ္ဌဖြစ်သည့် သူရဦးရွှေမန်းက အဆိုပါဖိုရမ်တွင် တိုက်တွန်းသွားသည်ဟု ပါတီသတင်းစာ ပြည်ထောင်စုနေ့စဉ်တွင် ဖော်ပြထားသည်။
ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် တိုင်း/ ပြည်နယ်နှင့် မြို့နယ်များတွင် သြဂုတ်လဆန်း ပိုင်းမှစ၍ ဖိုရမ်များကျင်းပရန်လျာထားသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။
“အခုက ဆွေးနွေးချက်တွေပေါ်မူတည်ပြီး ဗဟိုကနေလုပ်ငန်းစဉ်ချတာပေါ့။ တစ်မြို့နယ်နဲ့ တစ်မြို့နယ်မှာ အခြေအနေမတူတဲ့အခါကျတော့ ဆက်ဆွေးနွေးပြီးမှပဲ လက်တွေ့ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ အဖြေထွက်မှာပေါ့” ဟု ၎င်းက ပြောသည်။
ချမှတ်ထားသည့် ရှေ့ဆက်လုပ်ငန်းစဉ်များတွင် အလုပ်သမား ပါတီဝင်ဦးရေ တိုးပွားလာစေရေးနှင့် ပါတီမိတ်ဆွေများရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေး ရှာဖွေဖော်ထုတ် ကူညီဆောင်ရွက်ရန်၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ အလုပ်သမားရေးရာအဖွဲ့များ လိုအပ်သလိုဖွဲ့စည်းရန်နှင့် အလုပ်သမားများ အသိပညာ၊ အတတ်ပညာ ဗဟုသုတ တိုးပွားရေး၊ သင်ယူလေ့လာနိုင်မှု အခွင့်အလမ်းများရရှိရေး ကူညီဆောင်ရွက်ရန်တို့ ပါ၀င်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ အခွင့်အရေးဆုံးရှုံးမှုများနှင့် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုများ ကြီးစိုးနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီက လုပ်ငန်းစဉ်များ ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။
နိုင်ငံ၏ အလုပ်သမားများ လက်ရှိအခြေအနေကိုမူ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက“အခုက အကွေ့တစ်ခုကို ရောက်နေပြီဗျ။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာဖို့ လိုနေတယ်။ အားလုံးက အဆင်သင့်ဖြစ်မနေကြသေးဘူး”ဟု သုံးသပ်သည်။