ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ်၊ တွီကင်းဝအုပ်စု၊တွီကင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်အောင်သည် ၄င်း၏ မတရား လုပ်ရပ်နှင့် ပါတ်သက်ပြီး ကျေးရွာပြည်သူ လူထု၏ တိုင်တန်းချက်ကြောင့် အုပ်ချုုပ်ရေးမှူး တာဝန်မှ ရပ်နားခံရသည်ဟု သိရှိ ရသည်။
ဒေသခံပြည်သူများမှ အချက် (၆) ချက်ပါ၀င်သည့် ၄င်း၏ မတရားလုပ်ရပ်၊ အာဏာ အလွဲသုံးစားမှှုအပေါ် တိုင်ကြားချက်ကို သက်ဆိုင် ရာမှ တရားလို၊ တရားခံများကို နှစ်ကြိမ်တိုင်တိုင် မေးမြန်းစစ်ဆေးပြီး စာအမှတ်၊ ၅/၉-၁/ဦး ၆ (၂၅၉) ပါစာ ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ဟန်ဝင်းအောင်က ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လ (၁၇) ရက်နေ့မှ စပြီး တာဝန်မှ ရပ်နားလိုက်ခြင်းဖြစ် သည်။
ဦးရန်အောင်သည် ကျေးရွာလူထုအပေါ် ငွေကြေးအဓမ္မတောင်းခံခြင်း၊ ခွဲခြားဆက်ဆံ အုပ်ချုပ်ခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း ၊ ကျေးရွာစည်းကမ်းစည်းမျဉ်းအား ဖောက်ဖျက်ခြင်း၊ ပြည်သူ ပိုင်ပစ္စည်း အားခိုးယူခြင်း၊ အာဏာအလွဲသုံး စားပြုလုပ်ခြင်းများအား အရေးယူပေးရန် ချင်းပြည်နယ် ၀န်ကြီးချုပ်ထံ သက်သေအထောက်အထားများဖြင့် ၂၀၁၂ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၂ ကြိမ် တိုင်တိုင် စာရေးသားတိုင်ကြားခဲ့ကြသည်။
” ဦးရန်အောင် လုပ်ရပ်တွေက အာဏာရှင် ဆန်လွန်းတဲ့အတွက် တရွာလုံးက မကြိုက်ဘူး၊ ဒါကြောင့် ၂၀၁၃ခုနှစ် ကတည်းက တိုင်ကြား ထားတယ်၊ ဒီတိုင်တန်းချက်ကို ချက်ချင်းအရေးယူမှုမရှိခဲ့ဘူး၊ အဲဒီအတွက် သွားစရိတ် လာစရိတ် အတွက် ရွာသားတွေ ငွေ ကုန်တယ်၊ ဦးရန်အောင်လည်း လူကြီးတွေ ချဉ်းကပ်စရိတ် ငွေကုန်မှာပဲ၊ ဘာပဲ ဖြစ်ဖြစ် သူ့ကို ဖြုတ်ချနိုင်တာကပဲ ၀မ်းသားလှပါပြီ” ဟု လက်ရှိ ပလက်ဝရောက် တွီကင်းဝ ရွာသူတဦးက ခိုနုမ်းသုန်ကို ပြောသည်။
ကျေးရွာ/အုပ်ချုပ်ရေးမှူးရေးဆိုင်ရာ ဥပဒေ အခန်း(၈) ပုဒ်မ ၁၆(ဂ) အရ လက်ရှိတွင် တွီကင်းဝ အုပ်ချုပ်ရေးမှူးတာဝန် (ယာယီ) ကို ကျေးရွာအုပ်ချုပ်မှူးရွေးချယ်စဉ်က ဒုတိယမဲအများဆုံးရရှိသူ ဦးအောင်ကိုးအား ဇွန်လ ၂၈ ရက်နေ့က တာဝန် ပေးခန့်အပ် လိုက်ကြ သည်ဟု သိရသည်။
” ကျေးရွာအုပ်ချုပ်ရေးမှူးခန့်အပ်ရေး ကိုတော့ ယခု ဇူလိုင်လအတွင်းမှာ ပြန်လည်လုပ်သွားဖို့ ရှိပါတယ်” ဟု ယာယီ အုပ်ချုပ် ရေးမှူး ဦးအောင်ကိုးက ပြောသည်။
တာဝန်ရပ်စဲ ခံထားရသည့် ဦးရန်အောင်သည် ယခင် စစ်အစိုးရ အုပ်ချုပ်ရေးကာလက အာဏာတန်ခိုးကြီး ထွား ခဲ့သော ဗိုလ်ချုပ် ခင်ညွန့်၏ လက်အောက်တွင် ထောက်လှမ်းရေးတာဝန်ကို ထမ်းဆောင်ခဲ့ဘူးသူဟု သိရသည်။