ဂျွန်လ ၂၆ ရက်နေ့ဟာ ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ဒီ ၂၀၁၄ ခုနှစ်ဟာ စစ်အစိုးရ လက်ထက် ကတည်းက ကြေငြာထားတဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း ၁၉၉၉ - ၂၀၁၄ ထိ ၁၅ နှစ် ပြည့်တဲ့ နှစ်ဖြစ် ပါတယ်။ ဒါကြောင့် သျှမ်းပြည်တွင်း မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်မှု ဘယ်လိုအခြေ အနေရှိတယ်ဆိုတာ သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာ စောင့် ကြည့် ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်း ကို မေးမြန်းထားပါ တယ်။
မေး။ ။ ၂၀၁၃-၂၀၁၄ အတွင်း သျှမ်းပြည်တွင်း ဘိန်းစိုက်ပျိုးမှု အခြေအနေ ဘယ်လိုရှိပါလဲ။ အရင် ကထက် များလာ သလား၊ နည်းသွားသလား။ ဘာကြောင့်လဲ။
ဖြေ။ ။ အစိုးရ၊ UNODC ရဲ့ အချက်အလက်တွေ၊ နောက် ကျနော်တို့ရဲ့ သျှမ်းပြည် တွင်းက မူးယစ်ဆေးဝါး စောင့်ကြည့်တဲ့သူတွေပေးပို့တဲ့ အချက်အလက် တွေ အရ ဘိန်းစိုက်ပျိုးမှုဟာ အရင်ကထက် ပိုများလာ တယ်။ ဘိန်းလည်း ပိုထွက် တယ်။ ရတာလည်းများတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ အာဏာပိုင်တွေ ကို မေးကြည့်တော့ အကြောင်းရင်း ၂ ခုရှိတယ်လို့ ပြောတယ်။ ပထမတချက် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြောင့်ဖြစ်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်နေ တာ ကြောင့် အာဏာပိုင်တွေ၊ အစိုးရစစ်တပ်တွေ ရပ်ရွာ ထဲ ၀င်ထွက်သွားလာ မှု သိပ်မရှိဘူးလို့ ပြောတယ်။ ဒုတိယအချက်က အခု စစ်အုပ်ချုပ်ရေးကနေ ပြည်သူ့အုပ်ချုပ်ရေးကို ကူးပြောင်းတဲ့ကာလဖြစ်တယ်။
စစ်တပ်ချုပ်ကိုင်တဲ့စနစ်ကို နောက်ဆုတ်ချင်နေ ပေမဲ့ ပြည်သူအုပ်ချုပ်တဲ့ စနစ် က ၀င်မလာသေးဘူး။ ဒီအခြေအနေက တခုကဆုတ်နေပေမဲ့ နောက်တခုက မဝင် လာသေးတော့ ကွာဟမှု၊ လစ်လပ်မှုတွေ များတယ်။ ဒီကြားမှာ အစိုးရက မထိန်းချုပ်နိုင်တာတွေ များတယ်။ ဒါကြောင့် ဒီလိုဖြစ်လာတယ်လို့ ပြောတယ်။ ဒါပေမဲ့ဒေသတွင်းလူထုကို မေးကြည့်တော့ “တခြားပြည်နယ်တွေ မှာတော့ မသိဘူး။ သျှမ်းပြည်မှာတော့ အစိုးရစစ်တပ်က သူတို့သွားချင်တဲ့နေရာတိုင်း ကို သွားနေတာဘဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြောင့် အစိုးရစစ်တပ်က သွားချင်တဲ့နေရာတိုင်းကို မသွားနိုင်တာကြောင့် ဘိန်းပိုစိုက်လာတယ် ဆိုတာ မဟုတ်နိုင်ဘူး” လို့ ပြောတယ်။ ဖြစ်နိုင်ချေများတာက စနစ်ဟောင်း နောက်ဆုတ်နေတဲ့အချိန် စနစ်သစ်က မဝင်လာသေးလို့ ဖြစ်တယ်လို့ ပြောကြပါတယ်။
မေး။ ။ အခု သျှမ်းပြည်မှာ ဘိန်းမစိုက်တာ ဘယ်နှစ်မြို့နယ်ရှိပါသလဲ။
ဖြေ။ ။ကျနော်တို့ လေ့လာချက်အရ သျှမ်းပြည်မှာ ၅၅ မြို့နယ်ရှိတာ ၀ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ၄ မြို့နယ်၊ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ မှာ ၃ မြို့နယ်။ ဒီ ရ မြို့နယ်မှာ ဘိန်းစိုက်ပျိုးမှု ကင်းရှင်းတယ်လို့ ပြောလို့ရ တယ်။ ကျန် ၄၈ မြို့နယ်ကတော့ အနည်းနဲ့အများ စိုက်နေတုန်းဘဲ။
မေး။ ။ ဒီဘိန်း မစိုက်တဲ့ မြို့နယ်တွေရဲ့ အမည်ကို ပြောပြပေးပါအုံး။
ဖြေ။ ။ဘိန်းမစိုက်ပျိုးတဲ့ဒေသတွေကတော့ ၀ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ပန်ဝိုင်၊ မက်မန်း၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ ဖြစ်တယ်။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်တဲ့ဒေသမှာ မိုင်းလား၊ မိုင်းယန်း၊ မိုင်းယောင်းမြို့နယ်တွေ ဖြစ်တယ်။
မေး။ ။ အစိုးရ ကြေငြာထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်ဟာ အခုနှစ်ဆိုရင် ၁၅ နှစ်ပြည့်ပြီ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းက အောင်မြင်မှု ရှိပါသလား။
ဖြေ။ ။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစိမံကိန်း ၁၅ နှစ်ကို အစိုးရက မြန်မာ တပြည်လုံး ၅၁ မြို့နယ်ကို ပစ်မှတ်ထား တယ်။ သျှမ်းပြည်မှာ ၄၃ မြို့နယ်၊ ကချင်ပြည်မှာ ၄ မြို့နယ်၊ ကယားပြည်မှာ ၂ မြို့နယ်၊ ချင်းပြည်မှာ ၂ မြို့နယ် - အားလုံး ၅၁ မြို့နယ်။ သျှမ်းပြည်မှာ ၄၃ မြို့နယ်ဆိုပေမဲ့ အဲဒါက ၁၉၉၉ ခုနှစ် က ရေတွက်ပုံဖြစ် တယ်။ အဲဒီတုန်းက ၄၃ မြို့နယ်ဆိုပေမဲ့ အခုက ၃၉ မြို့နယ် ဘဲကျန်တယ်။ သျှမ်းပြည် ၄၃ မြို့နယ်မှာ တိုက် ဖျက်မယ်လို့ ရည်မှန်းထား ပေမဲ့ မတိုက်ဖျက်နိုင်တာ မြို့နယ်တော်တော်များတယ်။ မြို့နယ်ပေါင်း ၃၀ နီးပါး ရှိတယ်။ နောက် ပစ်မှတ်မထားတဲ့မြို့နယ်တွေမှာ ဘိန်းစိုက်ပျိုးလာတာ အားလုံး ၁၆ မြို့နယ်ရှိတယ်။ ဒါကြောင့် သျှမ်းပြည်မှာ ရ မြို့နယ်ဘဲ တိုက်ဖျက် တာ အောင်မြင်ပြီး ကျန်တဲ့မြို့နယ်တွေမှာ မအောင်မြင်ဘူး။ ဒါကြောင့် အစိုးရ က နောက်ထပ် ၅ နှစ်တိုးပြီး တိုက်ဖျက်မယ်ဆိုတာလည်း သင့်တော်ပါတယ်။
မေး။ ။ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ကြေငြာထားပေမဲ့ အခုထိ ဘာကြောင့် မပပျောက်သေးတာလဲ။
ဖြေ။ ။အစိုးရအဖြေနဲ့ ပြည်သူတွေရဲ့အဖြေက မတူဘူး။ အစိုးရက မူးယစ်ဆေး ဝါးတိုက်ဖျက်တာ အဆင့် ၂ ဆင့် ရှိတယ်။ အဆင့် ၁ က တိုက်ဖျက်တယ်။ အဆင့် ၂ က ပြည်သူတွေကို ကူညီတယ်။ အခု အစိုးရက တိုက် ဖျက်နိုင်တယ်။ ဒါပေမဲ့ မကူညီနိုင်ဘူး။ ပြည်သူတွေကို မကူနိုင်တော့ သူတို့လည်း ပြန်စိုက် တယ်။ မကူညီ နိုင်တာက ထောက်ပံ့ငွေ မလောက်လို့ဆိုပြီး ကျနော်တို့ကို ပြောတယ်။ ပြည်သူတွေ ပြောတာကတော့ အရင်တုန်းက ဘိန်းစိုက်တဲ့ဒေသ ဆိုရင် ၀၊ ကိုးကန့်၊ လွယ်မော်တို့ဘဲ ရှိတယ်။ တခြားဒေသမှာ ဆေးဝါးပြု လုပ်ဖို့ အတွက်ဘဲ စိုက်တယ်။ ရောင်းဖို့အတွက် မဟုတ်ဘူး။ ဒါပေမဲ့ အခုက နေရာ အနှံ့ အပြားမှာ စိုက်လာ တာဟာ ဘာကြောင့်လဲဆိုတော့ ဆင်းရဲကြပ်တည်း တဲ့ဒုက္ခကြောင့် ဖြစ်တယ်။ အရင်တုန်းက ပြည်သူတွေ က အစိုးရကို အခွန် တချို့ ဆောင်ရတယ်။ ကျန်တာကတော့ ကိုယ့်ဝမ်းစာအတွက်နဲ့ အလှူအဒါန်း အတွက် ပေါ့။ အဲဒီလိုဆိုရင် မချမ်းသာပေမဲ့ နေနိုင်စားနိုင် လုံလောက်တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်လာတယ်။ အစိုးရက တိုင်းရင်းသားတွေကို အနိုင်ကျင့်နှိပ်ကွပ်တာကြောင့် တိုင်းရင်းသား တွေ လည်း တော်လှန်လာခဲ့ကြတယ်။ အဲဒီလိုဖြစ်လာတော့ ပြည်သူတွေလည်း အဖက်ဖက်က ဖိနှိပ်တာကို ခံရတယ်။ ပြည်သူတယောက်ရဲ့ ပြောပြချက်က အရမ်းရှင်းတယ်။ သူက ဘယ်လိုပြောလဲဆိုရင် ကျနော်ရဲ့ ပေါက်ပြားက မြေ ပေါ် ကို ၅ ချက်ပေါက်လိုက်ရင် ပထမတချက်က အစိုးရစစ်တပ်အတွက်၊ ဒုတိယတချက်က ပြည်သူ့စစ်တွေအတွက်၊ တတိယတချက်က တော်လှန်ရေး တပ်ဖွဲ့တွေ အတွက်၊ စတုတ္ထ အချက်က အလှူအဒါန်းနဲ့လူမှုရေးအတွက်၊ ပဥ္စမတချက်ကမှ ကိုယ့်မိသားစုအတွက်ဖြစ်တယ်။ တကယ်လို့ ကျနော်တို့က စစ်တပ်တွေ၊ ပြည်သူ့စစ်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို မကျွေးရရင် အရင်လို စိုက်ပျိုး လုပ်ကိုင်ပြီး နေထိုင်စားသောက်သွားလို့ရတယ်လို့ ပြောတယ်။
မေး။ ။ အခု သျှမ်းပြည်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ အခြေအနေ ဘယ်ရောက်ထိ ကျယ်ပြန့်နေပါသလဲ။
ဖြေ။ ။ သျှမ်းပြည်မှာတော့ ဘိန်းစိုက်ပျိုးမှုက နေရာတိုင်း အနည်းနဲ့အများ တော့ရှိတယ်။ မြို့နယ်တိုင်းလို့ ပြောလို့ ရတယ်။ ဘိန်းစိုက်များတဲ့မြို့နယ်ရှိ သလို ဘိန်းစိုက်နည်းတဲ့မြို့နယ်လည်းရှိတယ်။ ဒါပေမဲ့ ဘယ်မြို့နယ်မှ ဘိန်းစိုက်ပျိုးတာ မလွတ်ဘူးဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ အဲဒီဘိန်းစိုက်တာ ထက် ပိုဆိုးတာက ယာဘ ဖြစ်တယ်။ ယာဘကတော့ ပြည်သူတွေ ထုတ်လုပ် တာ မဟုတ်ဘူး။ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေက ထုတ်လုပ်ပြီး ပြည်သူတွေ ကို ရောင်းချတယ်။ တကယ့်ကိုထိခိုက်တယ်။ ဘိန်းနဲ့ မတူဘူး။ ဘိန်းကတော့ ပြည်သူတွေရဲ့ဝမ်းစာလို့ ပြောလို့ရတယ်။ ယာဘကတော့ မဟုတ်ဘူး။ ချမ်းသာကြွယ်ဝ တဲ့သူတွေ ပိုပြီး ချမ်းသာအောင်ဖြစ်ပြီး ပြည်သူတွေကိုတော့ အရမ်းထိခိုက်စေတယ်။ နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးတပ် ဖွဲ့တွေ ပြည်သူတွေနဲ့ သွားရောက်တွေ့ဆုံရင် ပြည်သူတွေက ဘာပြောလဲဆိုတော့ “သားသမီးတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ ယာဘစွဲမှာကို အစိုးရိမ်ဆုံးဘဲ။ သူတို့ယာဘစွဲရင် ကိုယ့်မိသားစု၊ အိမ်တွင်း၊ ရပ်ရွာတွင်း၊ မြို့တွင်းတွေကို ဒုက္ခပေးတယ်။ ဒါကို ကူညီပေးစေချင်တယ်” လို့ ပြောကြတယ်။ အခြေအနေ ကတော့ အဲဒီလိုဖြစ်နေတယ်။
မေး။ ။ မူးယစ်ရာဇာလို့ အမည်ရတဲ့ ခွန်ဆာနဲ့ စိုင်းနော်ခမ်း မရှိတော့ပေမဲ့ ဘာကြောင့် မူးယစ်ဆေးဝါးက မပျောက်သွားတာလဲ။
ဖြေ။ ။တကယ်တော့ ခွန်ဆာနဲ့ စိုင်းနော်ခမ်း ရှိလို့ မူးယစ်ဆေးဝါး ရှိတာ မဟုတ်ဘူး။ မူးယစ်ဆေးဝါး ပေါများတဲ့ အချိန်မှာ သူတို့က ကျော်ကြားလာ တယ်။ ဒါကြောင့် သူတို့မရှိတော့ပေမဲ့ မူးယစ်ဆေးဝါးက ဆက်ရှိနေအုံး မှာဘဲ။ တကယ်လို့ သူတို့ကြောင့် မူးယစ်ဆေးဝါး ရှိလာတယ်ဆိုရင် သူတို့မရှိတဲ့ နောက်ပိုင်း မူးယစ်ဆေး လည်း ပျောက်သွားမယ်။ သူတို့မရှိတဲ့နောက်ပိုင်း မူးယစ်ဆေးဝါး ဆက်ရှိနေတာကလည်း ဆက်ရှိဖို့ အခြေအနေက ဖန်တီးနေလို့ ပါ။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ပေါ်လစီက ပြည်သူတွေကို ဆက်လက် ဖိနှိပ်နေလို့။ ပင်လုံစာချုပ် သဘောတူညီချက်ကို မလိုက်နာဘဲ တိုင်းရင်းသား တွေကို အခွင့်အရေး မပေးလို့။ ဒီလိုတာဖြစ်နေရင် တိုင်းပြည်လည်း ငြိမ်းချမ်း မှာ မဟုတ်ဘူး။ တိုင်းပြည်မအေးချမ်းရင်မူးယစ်ဆေး ဝါး လည်း ဆက်ရှိနေမှာဘဲ။ ဒါကြောင့် အစိုးရက ဒီအကြောင်းအရာတွေကို သိရှိပြီး ပြည်သူတွေကို မနှိပ်စက်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်တွေပေးတာကို မျှော်လင့်တယ်။ ဒါဆိုပြည်သူ တွေလည်း ဖိနှိပ်တာ မခံရတော့ဘဲ တိုင်းပြည်ကို တရားဥပဒေနဲ့ အုပ်ချုပ်ဖို့ လွယ်ကူမယ်။ တော်လှန်မဲ့သူတွေလည်း မရှိတော့ဘူး။ ဒါဆို မူးယစ်ဆေးဝါး ပြဿနာလည်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။
မေး။ ။ သျှမ်းပြည်တွင်း မူးယစ်ဆေးဝါး ပပျောက်ဖို့ ဘယ်လိုလုပ်ဆောင် သင့်လဲ။
ဖြေ။ ။ခုနက ပြောသွားတဲ့အတိုင်းဘဲ။ အတိုချုပ်လိုက်မယ်ဆိုရင် နံပါတ်တစ် နိုင်ငံရေးပြဿနာကို ဖြေရှင်းရမယ်။ နံပါတ်နှစ် နိုင်ငံရေးပြဿနာကို ဖြေရှင်း ပြီး ရင် နှစ် ၆၀ လုံးလုံး ဆင်းရဲဒုက္ခတွင်းနက်ခဲ့တဲ့ ပြည်သူတွေကို ကူညီရမယ်။ အရင်ကလို ၀မ်းစာအတွက် ရှာဖွေစားသောက်နိုင်အောင်။ နံပါတ်သုံးကတော့ တရားဥပဒေနဲ့ ထိန်းကွပ်ရမယ်။ နိုင်ငံရေးပြဿာနာဖြေရှင်းပြီး ပြည်သူတွေကို ကူညီမယ်။ တရားဥပဒေနဲ့ ထိန်းကွပ်မယ် ဆိုရင် ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားချင်ပါသလဲ။
ဖြေ။ ။၂၀၁၁ ခုနှစ်ကစပြီး သမ္မတဦးသိန်းစိန်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ်။ ဒီငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ပါစေ။ အ မြန် ဆုံး ဖော်ဆောင်နိုင်ရင် အမျိုးသားပြန်လည်သင့် မြတ်ရေးရရင် မူးယစ် ဆေးဝါး ပြဿနာကိုလည်း ဖြေရှင်းနိုင်မယ်။ တကယ်လို့ အချိန်ဆွဲထားပြီး ဒီနေ့လည်းမပြီး၊ နောက် နေ့လည်းမပြီး၊ ဒီလလည်းမပြီး၊ နောက်လလည်းမပြီး၊ ဒီနှစ်လည်းမပြီး၊ နောက်နှစ်လည်းမပြီးဘူးဆိုရင် မူးယစ်ဆေးဝါးပပျောက်မှာ မဟုတ်ဘူး။ ဒါကြောင့် သမ္မတဦးသိန်းစိန်က အင်စိုက်အားစိုက်ပြီး ကြိုးစားဖော် ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။