သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် စိုက်ထူ ထားသော တရုတ် မြန်မာ နယ်စပ် ယာယီ နယ်ခြား တိုင်အား ယာယီ ဆွဲနှုတ် ဖယ်ရှားထားရန် သျှမ်းပြည် နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်က နမ့်ခမ်း ခရီး စဉ်မှ ညွှန်ကြား လိုက်သည်။
သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံနယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ်ခံထားရသော နယ်စပ်ငုတ်တိုင်များကိုယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကုန်းဆာကျေးရွာ ကူးတို့ဆိပ်မှာ ဝန်ကြီးချုပ်ကသွားစစ်တော့ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက် အကူပြုအဖွဲ့ဝင် ဆရာအောင်ဝင်းက မြေပုံနဲ့တကွအကျယ်တဝင့်ရှင်းပြတယ်။ သျှမ်းပြည်ဝန်ကြီးချုပ် က လည်းမှန်ကန်စွာ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ တရုတ်ဘက်က ကျူးကျော်စိုက်ထူ ထားတဲ့မှတ်တိုင်တွေကိုလည်း သူပြန်သွားရင်ဆွဲနှုတ်လိုက်ပါလို့ မှာသွားပါတယ်။” ဟု စယ်ဟိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သျှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့သို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်နှင့်အတူ သျှမ်းပြည် နယ် ဝန်ကြီးများအဖွဲ့က ဂျွန်လ ၂၈ ရက်က ရောက်ရှိခဲ့သည်။
သျှမ်းပြည်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကောင်းနောင်မိုရပ်ကွက်ရှိ ကျားဖြူခန်းမတွင် ကွတ်ခိုင်၊ မူစယ် နှင့် နမ့်ခမ်းမြို့ အုပ်ချုပ်အထောက်အကူအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ စုစုပေါင်း (၃၀၀)ကျော်ကလာရောက်တွေ့ဆုံကာ ရပ်ရေးရွာရေးများတင်ပြဆွေးနွေးခဲ့ကြပြီး သျှမ်းပြည် နယ် ဝန်ကြီးချုပ်ကအဆိုပါ သုံးမြို့နယ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း( ၄၀၀) နှင့် ကျောင်းသုံး ဗလာစာ အုပ် ဒါဇင် (၃၀၀) စီပေးအပ်ကူညီခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နမ့်ခမ်းဒေသခံက ပြောပါသည်။
တွေ့ဆုံပွဲအပြီး သျှမ်းပြည်ဝန်ကြီးချုပ်အဖွဲ့ များသည် တရုတ်ပြည်ပိုင်မြေ သတ်မှတ်ခံရသော ကုန်းဆာ ကျေးရွာရှိ ရွှေလီမြစ်ကမ်းဘေးတွင် သွားရောက်လေ့လာခဲ့သည်။
တရုတ်ပြည်ပိုင် နယ်နမိတ် ဟု သတ်မှတ်ထားခံရ သော ကျေးခွန်၊မန့်နောင်၊ကုန်းဆာကျေးရွာ ဒေသခံ များနှင့် နမ့်ခမ်းမြို့ လယ်သမားအဖွဲ့ များ ပါ၀င်သော လူအင်အား တစ်ထောင်ကျော်ခန့်သည် ၀န်ကြီး ချုပ်သွားရာ ကုန်း ဆာကျေးရွာ ကူးသို့ဆိပ်လမ်းတွင် သျှမ်းပြည် ၀န်ကြီးချုပ်နှင့်အဖွဲ့များကို သျှမ်းရိုးရာ အိုးစည်များတီးခတ်ကြို ဆိုကြပြီး ၄င်းတရုတ်ပိုင်မြေဟု သတ်မှတ်ခံရသော ဘိုးဘွားပိုင်မြေများကို မှန်ကန်စွာပြန်လည်သတ်မှတ်ပေးပါရန် စာရွက်ကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြောင်း ကုန်းဆာကျေးရွာနေ စိုင်းအိုက် က ဆိုသည်။
“ ဒေသခံ ရွာသူရွာသားများ က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များအားလှိုက်လှဲစွာကြိုဆိုပါ၏။ ဘိုးဘွားပိုင် မြေများကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါ။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်ကို ယခင်ရှိရင်း စွဲအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုသည် စသော စာရွက်များကို်ယ်စီ ကိုင်ဆောင်ကြတယ်” ဟု ၄င်းကပြောသည်။
နမ့်ခမ်းမြို့သို့ရောက်ရှိလာသော ၀န်ကြီးများမှာ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး စိုင်းနော်ခမ်း၊ သျှမ်းပြည်စည်ပင်ကော်မတီဝန်ကြီးဦးနေလင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်သူ နှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး စိုင်းဆာလူ တို့ဖြစ်ကြပါသည်။