ချင်းပြည်နယ်တွင် အမျိုးသမီးများ၏ ဘဝလုံခြံုရေးအတွက် ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ပါဝင်သည့် ဦးဆောင်သူ ရှစ်ဦးကို ပြည်နယ်အစိုးရမှ ပုဒ်မ၁၈ ဖြင့် အမှုဖွင့်ထားသည်ဟု အမျိုးသမီးဘဝမြှင့်တင်းရေး လှုပ်ရှားသူ ခမ်ဘွေးလျန်က မဇ္စျိမကို ပြောသည်။
"၂၅ရက်နေ့က တရားစွဲထားတယ် အာမခံနဲ့ ပြန်လွှတ်လိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် လာမယ်လို့တော့ကြားတယ်။ ခွင့်ပြုမိန့်က သွားမတောင်းတာမဟုတ်ဘူး။ သွားတောင်းတယ်။ သူတို့ဘက်ကမပေးတာ ဘာကြောင့်ဆိုတာလည်း အကြောင်းပြချက်မပေးဘူး အခုမှတရားစွဲတာ" ဟု ၎င်းက ပြောသည်။
ဆန္ဒပြသူများက ဇွန်လ ၁ဝရက်က ရေဇွာမြို့နယ်ခွဲတွင် ခလရ ၂၆၉တပ်မှ စစ်သားတစ်ဦး၏ အဓမ္မပြုခြင်းကို ခံခဲ့ရသည့် အမျိုးသမီး၏ အမှုကို တရားမျှတစွာ စီရင်ရန်၊ အမျိုးသမီးများ ဘဝလုံခြံုရေးကို အာမခံပြီး ရှေးရှုပေးရန်၊ စစ်သားများကို စည်းကမ်းတကျ ထိန်းသိမ်းပေးရန်စသည့် အချက် သုံးချက်ကိုတောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
အမျိုးသမီးဘဝ လုံခြံုရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ မတူပီမြို့နယ်ခွဲမှ ၄ဦး၊ ရေဇွာမြို့နယ်မှ ၄ဦးအား ချင်းပြည်နယ်အစိုးရမှ ဇွန်၂၃ရက်တွင် ခွင့်ပြုမိန့် မရဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် ပုဒ်မ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်ခွင့်ကို ဇွန်လ၁၈ရက်နှင့် ၁၉ရက်တွင် ရေဇွာရဲစခန်းတွင် ခွင့်ပြုမိန့်တောင်းခံသော်လည်း ဆန္ဒပြခွင့် ပေးခွင့်မရှိဟု ရေဇွာရဲစခန်း တာဝန်ရှိသူက ပြောသဖြင့် မိုင် (၉ဝ) နီးပါးဝေးသော မတူပီမြို့သို့ သွားရောက်ကာ စာတင်ခဲ့သော်လည်း ထပ်မံ ပယ်ချခံခဲ့ရသည်။
ယင်းကြောင့် ဆန္ဒပြပွဲကို ဇွန်၂၃ရက်နှင့် ၂၄ရက်တွင် ချင်းပြည်နယ် မတူပီနှင့် ရေဇွာမြို့များတွင် ခွင့်ပြုမိန့် မရဘဲ လူအင်အား ၄ဝဝခန့်ဖြင့် ဆန္ဒပြခဲ့သည်။