အခြားပြည်နယ်များထက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို သမ္မတက ဦးစားပေးရန်လမ်းညွှန်ဟုဆို

အခြားပြည်နယ်များထက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို သမ္မတက ဦးစားပေးရန်လမ်းညွှန်ဟုဆို
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် လတ်တလောတွင် ကျပ်ငွေ ၁၅ဘီလီယံ ချပေးထားပြီး သမ္မတ အနေဖြင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးထက်  ရခိုင်ပြည်နယ်ကို ဦးစားပေးသည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဇွန် ၂၆ တွင် မီဒီယာများကို ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပြည်ထောင်စုအစိုးရက ရခိုင်အဖွဲ့အစည်းများကို ချပြဆွေးနွေးသည့် ပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

miz270601

“၁၅ ဘီလီယံဆိုတာ လတ်တလော လိုအပ်ချက်အရ ပေးထားတာပါ။ ထပ်မံလိုအပ်တဲ့ဟာတွေကို သမ္မတကြီးကို အချိန်မရွေး တင်ပြလို့ရတယ်။ ရခိုင်ကိစ္စဆိုရင် သမ္မတက အရမ်းအလေးထားတယ်။ ကျန်တဲ့တိုင်းဒေသကြီး၊ ပြည်နယ်ထက်စာရင် ရခိုင်ပြည်နယ်ကို ဦးစားပေးဆောင်ရွက်မယ်ဆိုတဲ့ လမ်းညွှန်ချက်တော့ ရှိတယ်။”ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် ခြောက်ခုကို လတ်တလောဆွေးနွေးခြင်းဖြစ်ပြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းခဲ့သည်ဟု တက်ရောက်လာသော အဖွဲ့အစည်းများကဆိုသည်။

“ရခိုင်ပြည်နယ် အတွက် အကောင်းဆုံးလုပ်နိုင်ဖို့ ပြောတယ်၊လုပ်သင့်သလောက်လည်း လုပ်နေပြီ ဖြစ်တယ်၊ ကျွန်မတို့ ကြိုဆိုတယ်၊ ဝန်ကြီးချုပ်ကလည်း အစိုးရရဲ့ ကူညီမှုနဲ့ အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောသည်။

သမ္မတ သည်လက်ရှိတွင် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် မြို့တို့တွင် အထူးစီးပွားရေးဇုံများ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ငပလီ ကမ်းခြေ ဒေသတိုးတက်ရေးအတွက် ငပလီကမ်းခြေကျေးရွာကို ငပလီမြို့အဖြစ် သတ်မှတ်ပြီး ဟိုတယ်ဇုံဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ ငါးဘီလီယံ ချပေးခဲ့သေးသည်။

Most read this week