လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကေအန်ယူနှင့် အမျိုးသမီးများအဖွဲ့ချုပ် ချင်းမိုင်တွင် ဆွေးနွေး

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကေအန်ယူနှင့် အမျိုးသမီးများအဖွဲ့ချုပ် ချင်းမိုင်တွင် ဆွေးနွေး
by -
မဇ္စျိမ

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ဆောင်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကိစ္စများကို ယနေ့ ဇွန်လ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့သည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် တစ်စုံတစ်ရာတိုးတက်မှုရှိသော်လည်း တချို့အနှစ်သာရ၊ ဝေါဟာရအပိုင်း အများကြီးဆွေးနွေးရန် လိုအပ်နေသေးကြောင်း၊ အစိုးရဘက်မှလာမည့် သြဂုတ်လတွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးရေး အတွက်မသေချာသေးကြောင်း ကေအင်န်ယူဘက်မှ ဆွေးနွေးခဲ့သည်ဟုWLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

“အမျိုးသမီးတွေရဲ့ စိုးရိမ်မှုတွေပါ တယ်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှုသွား နေတဲ့ကာလမှာ အမျိုးသမီး တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆက်လက်ကြံု တွေ့နေရတဲ့ အပိုုင်းနဲ့ပတ်သက်ပြီး ဘယ်လို ကာကွယ် ပေးမှုမျိုးလုပ်ပေးနိုင်မလဲဆိုတာတွေ ဆွေးနွေးတယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တာဝန်ယူမှု၊ တာဝန် ခံမှုနှင့်ပတ်သက်၍ ထည့်သွင်းပေးရေး တင်ပြ ခဲ့သည်ဟု သူက မဇ္ဈိမကိုပြောသည်။

ကေအင်န်ယူအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပူးပေါင်း ပါ၀င်ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးတွင် အမျိုးသမီးများကဏ္ဍလည်း ပါ၀င်ရန်မူအားဖြင့် သဘောတူ ထားကြောင်းရှင်းပြခဲ့သည်ဟု NCCT  ၏ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ ကေအင်န်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောသည်။

“သူတို့မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါ၀င်ရမယ်ဆိုတာ စိုးရိမ်မှု၊ ငြိမ်းချမ်းရေးမှာ သူတို့လည်း အားပေး ကူညီတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ ကိစ္စတွေ က သွေးရိုးသားရိုးဆိုတဲ့ သွေးသားဆန္ဒမဟုတ်ဘဲ အစိုးရက အစီအစဉ်ရှိရှိ လုပ်တဲ့သဘောရှိတယ်။ ဆိုလိုတာက ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေကို အရေးယူဆောင်ရွက်မှုမရှိတာက ကျွန်တော်တို့ လက်ခံပါ တယ်”ဟု သူက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးတည်ဆောက်သည့်နေရာတွင် အမျိုးသမီးများအနေဖြင့် ပူးပေါင်းပါ၀င်မှု လိုအပ်သလို၊ အမျိုးသမီးများ၏ စိုးရိမ်မှုများ၊ အကြံပေးချက်များ တင်ပြခဲ့မှုအပေါ် ကြိုဆိုလက်ခံကြောင်း ဖဒိုကွယ်ထူးဝင်းက ပြောသည်။

“ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသမှာက အကျိုးသက်ရောက်မှု ခံစားရတာကတော့ လူထုကြားမှာ အမျိုးသမီးနဲ့ ကလေးတွေ ပိုခံစားရတာတော့ သူတို့ပါ၀င်မှု၊ သူတို့စိုးရိမ်မှု တင်ပြတာကကျွန်တော်တို့လည်း သတိထား ရမဲ့အချက်တွေ၊ သူတို့ကသတိမူရမယ့်အချက်တွေ အကြံ ဉဏ်ပေးတာ ကောင်းပါတယ်”ဟု သူက ဆက်ပြောသည်။

WLB အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် အတိုင်းအတာတစ်ခုတွင် ရှိသင့်ကြောင်းကို လက်ခံ သော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါ၀င်ရန်အတွက်WLB လိုမဟုတ်ဘဲ ကေအင်န်ယူ အတွင်းမှ အမျိုးသမီးများနှင့်အတူ တွေ့ဆုံ ဆွေးနွေးရေးတွင် ပါ၀င်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သူကဆိုသည်။

လက်ရှိအစိုးရနှင့် တိုင်းရင်းသားအဖွဲ့ အစည်းတို့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ တွင် WLB  ပါ၀င်သည့် အနေအထား မရှိသေးပေ။

ဇွန်လဆန်းပိုင်းက ကေအင်န်ယူနှင့် အစိုးရခေါင်းဆောင်များအကြား နေပြည်တော်တွင် သွားရောက်တွေ့ ဆုံ၍ လာမည့် သြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူခဲ့သည်။WLB သည် ကချင်၊ ရှမ်း၊ ပအို၀်း၊ ပလောင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ကယန်း၊ ဗမာ စသည့် တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည်။

Most read this week