အပစ်ရပ်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရဲဘော်(၂) ဦး ဖမ်းဆီးခံထားရ

အပစ်ရပ်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရဲဘော်(၂) ဦး ဖမ်းဆီးခံထားရ
by -
နိရဥ္စရာ

မြန်မာအစိုုးရနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်ပြည်လွှတ်မြောက်ရေးပါတီမှ ရဲဘော် (၂) ဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာတပ်မတော်တပ်ရင်း တစ်ခုမှ ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လက်အောက်ခံ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ်ရင်းမှ တပ်ကြပ် ဆေးမှူးခိုင်ထွီးနှင့် အကူအညီပေးနေသူ အရပ်သား အောင်ရွှေမြတို့ ဖြစ်ကြသည်ဟု ပါတီ၏ တာဝန်ရှိသူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

alp-greeting-inside

“သူတို့က စက်ပစ္စည်းတစ်ခု ၀ယ်ယူဖို့အလာမှာ အဖမ်းခံရတာပါ။ သူတို့အဖမ်းခံထားရတာက သံသယနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

သူတို့ (၂) ဦးအား ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့တွင် ချင်းပြည်နယ် လပဝ မြန်မာတပ်စခန်း အနီးတွင် ခလရ ၂၃၂ နှင့် ၂၈၉ ပူးပေါင်းတပ်ဖွဲတို့ ၏ စစ်ဆင်ရေး တစ်ခုအတွင်း ဖမ်းဆီးသွားခဲ့သည်ဟု ALP ပါတီင်္၏ ထုတ်ပြန်ချက်တွင်ဖေါ်ပြသည်။

၄င်းတို့အား မြန်မာ-ဘင်္ဂလာနယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားမှုတစုံတရာမရှိပဲ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသူကာယကံရှင်များကို ကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

“ ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာ အခြေစိုက်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင် လာတဲ့ နေ့က စပြီး တိုက်ပွဲ ဖေါ်ဆောင်တဲ့ အနေအထား လုံးဝ မရှိပါဘူး။ အဲသလို အနေအထားမှာ ကျွန်မတို့ရဲ့ ရဲဘော်ကို ဒီလို မတရားသဖြင့် ဖမ်းဆီးထားတာဟာ လုံးဝ မလုပ်အပ်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုရက်လည်းကြာသွားပါပြီ” ဟု သူမက ပြောသည်။

ထိုသို့ရဲဘော် နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ယခင်နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့အား တွေ့ဆုံနိုင်ရေး အတွက် အကြိမ်ကြိမ် တောင်းဆိုသော်လည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေသည်ဟု သူမက ဆိုသည်။

ယင်းပြင် ပလက်ဝမြို့နယ်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှ ဆက်ကြေးများ ကောက်ယူသည်ဟု သတင်းများ ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းက ယခုလို ပြောသည်။

“ကျွန်မတို့က ဒီလိုဆက်ကြေးကောက်ဖို့ လာတာလည်း မဟုတ်ပါဘူး။ ဆက်ကြေး ကောက်တာတွေကိုလည်း မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဆက်ကြေးကောက်တာမျိုးတော့ လုပ်လို့လည်း မရပါဘူး” ဟုဆိုသည်။

ALP မှ ရဲဘော် (၂) ဦးကို ခလရ ၂၈၉ တပ်ရင်းသို့ ခေါ်ယူသွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေပြီး စစ်ကြောရေးလုပ်စဉ်  ညှင်းဆဲနှိပ်စက် အကြမ်းဖက်သည်ဟုလည်း သိရှိရကြောင်း ကြေညာချက်တွင် ဖေါ်ပြသည်။

သူတို့နှစ်ဦး လွှတ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေး မပျက်ပြားရေး အတွက် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဒေါ်မြရာဇာလင်းက ပြောဆိုသည်။

မြန်မာ အာဏာပိုင်များမှ ALP မှ ရဲဘော် နှစ်ဦးကို တရားစွဲသွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။

Most read this week