ခေါင်းတလုံး နှင့် ကိုယ် ၂ ခုပါ လပိုင်း ကလေး ၅ နာရီ ကျော်ကြာ အောင်မြင်စွာ ခွဲစိတ်နိုင်

ခေါင်းတလုံး နှင့် ကိုယ် ၂ ခုပါ လပိုင်း ကလေး ၅ နာရီ ကျော်ကြာ အောင်မြင်စွာ ခွဲစိတ်နိုင်
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိ နေသည့် ခေါင်းတလုံး နှင့် အမွှာပူး ကလေးလေးအား မဟာရတ် နခွန်းချိန်းမိုင် ဆေးရုံကြီးက ယနေ့ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း ဖခင် ဖြစ်သူက ပြောသည်။

ရင်ညွန့်မှ အပိုထွက်လာသည့် ခြေလက်တစုံနှင့်  ကိုယ်တပိုင်းအားခွဲထုတ်နိုင်ခဲ့ပြီး ကလေးကိုလည်း အရေးပေါ် အခန်း အိုင်စီယူတွင်ထားရှိကာ အထူးကုများမှ အနီးကပ် စောင့်ရှောက်ပေးနေသည်ဟု ဆိုပါသည်။

ကလေးလေးအား မခွဲစိပ်မီ

"မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီအထိခွဲစိတ်ကြတယ်။ အခုအိုင်စီယူ ထဲမှာနေရတယ်။ ဆရာဝန်ကြီးတွေ ကနေ အနီးကပ်ပြုစုပေးနေပါတယ်။ အခုချိန်အထိတော့ ကလေးအတွက် စိုးရိမ်စရာမရှိဘူး။  ဒီညနေပိုင်း သူ သတိပြန်လည် လာပြီ။ အဖေနဲ့အမေကိုတော့ ပေးတွေ့တယ် ။ မိခင်နို့တော့ ပေးမသောက်သေးဘူး။ အဲ့ဒီအခန်းမှာ ၃-၄ ရက်လောက်တော့နေရမယ်ထင်တာဘဲ။ ဘေးကင်းရန်ကင်းပါစေလို့ဘဲ ဆုတောင်း နေပါတယ်"ဟု ဖခင်ဖြစ်သူ စိုင်းလှမြင့် ကပြောသည်။

ကလေး၏ မိဘများမှာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်သည်ဟုသိရသည်။

 ခွဲစိတ်ကုသမှုပြုနိုင်ရေးအတွက် သျှမ်းအမျိုးသမီးပူးပေါင်းဆောင်ရွက်ရေးအသင်း SWAN က ဆက် သွယ်ဆောင် ရွက် ပေးပြီး ခွဲစိတ်ကုသမှုကုန်ကျစရိတ်အားလုံးကိုဆေးရုံကြီးမှ တာဝန်ယူ ပေးမည် ဖြစ်ကြောင်း၊ ခွဲစိတ်မှု အောင်မြင်ပြီး ကလေးကျန်းမာရေးအခြေအနေ ပြန်ကောင်းလာသည့်အချိန် ဆေးရုံကြီးမှ သတင်းစာရှင်း လင်းပွဲတရပ် ပြုလုပ်မည်ဖြစ်ကြောင်းလည်း   SWAN မှတာဝန်ရှိပုဂ္ဂိုလ် နန်းဆိုင်မွန်း ကပြောပါသည်။

Most read this week