RCSS/SSA မှ အဓမ္မ စစ်သား စုဆာင်းမှု ကြောင့် သျှမ်းပြည် တောင်ပိုင်း ဒေသခံ သျှမ်း လူငယ်များ နေရပ် မှ စွန့်ခွါ နေရသည် ဆိုသည့် ကိစ္စ ဆိုင်ရာ တာဝန်ရှိ များအား ခေါ်ယူ စစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်း မျဉ်းအရ ပြစ်ဒဏ် ပေးမည်ဟု ခေါင်းဆောင် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီးယွက်စစ် ကပြောပါသည်။
“အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင်အသုံးပြုဖို့ လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူလုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလည်းဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန်ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရပါလိမ့် မယ်” – ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်း၊ လင်းခေးမြို့နယ် အတွင်းက ကျေးရွာအချို့၊ တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ် အင်တောမြို့နယ်ခွဲ အတွင်း ကျေးရွာ အချို့တို့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရဲဘော်သစ်၊ တပ်သားသစ်စုဆောင်းမှုကြောင့် လူငယ် များနေရပ်မှ တိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
“ကျနော့်သားက ၈ တန်းပဲ ရှိတယ်။ ရဲဘော်သစ်စာရင်းထဲ ပါတယ်။ ပို့ပေးရမယ် ပြောလို့၊ ခွင့်ပန်ပြီးတော့ မြို့ကျောင်းပြောင်းလိုက်ရတယ်။ တချို့လည်း လူငှားတယ် အခကြေးငွေပေးပြီးတော့ပေါ့။ ငှားခတယောက် ကျပ်သိန်း ၂၀ အနည်းဆုံးပဲ။ ကျနော်တို့ကျေးလက်ရွာသားတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် သျှမ်းပြည်တပ်မတော်က အထက်အရာရှိတွေကနေ ကြည့်ရှုစစ်ဆေးပေးဖို့ စီစစ်ဆောင်ရွက်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ် ” - ဟု ကျိုင်းတောင်းဒေသခံ ကလေးမိဘတဦးက ဆိုသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့် နောက် ပိုင်းတပ်သားသစ် အဓမ္မစုဆောင်းရေးပေါ်လစီမရှိတော့ကြောင်း၊ ထို့အတူ ကုန်သည်ကြီးများ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများမှလွဲ၍ သာမန် လုပ်ကိုင်စားသောက်သောသူများထံမှ အခွန်အခ ကောက်ခံခြင်းများလည်းပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။