မြေပုံ ပန်းရောင်ကဒ်ကိုင်ဆောင်သူများကို ခုံရုံးဖွဲ့ စစ်ဆေးပေးမည်ဟုဆို

မြေပုံ ပန်းရောင်ကဒ်ကိုင်ဆောင်သူများကို ခုံရုံးဖွဲ့ စစ်ဆေးပေးမည်ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့လူထု၏ တောင်းဆိ်ုချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ မူဆလင်များကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု လဝက ညွှန်မှူးက ဂတိပြု ပြောဆိုခဲ့သည်ဟု မြေပုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကဆိုသည်။

လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည့် မြို့မိမြို့ဖများက ဦးဆောင်ပြုလုပ်ခဲ့သော အစည်းအဝေးမှ တောင်းဆိုချက်ကို ဖြည့်စွမ်းပေးသည့် အနေဖြင့် ထိုသို့ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သူကဆိုသည်။

“အရင်က ဘင်္ဂလီတွေကို ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ပန်ရောင်ကတ်တွေကို ပြန်စိစစ်ပေးပါ လို့ တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့က ဒီမှာ တာဝန်ခံပြီးလုပ်နေတဲ့ လဝက ညွှန်ချုပ်ကို အကြောင်းကြား တော့ သူက ခုံရုံးဖွဲ့ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်။”

ယခုကဲ့သို့ တောင်းဆိုသော်လည်း မြေပုံမြို့ ဒုက္ခသည် စခန်းရှိ ဘင်္ဂလီလူမျိုးများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စစ်ဆေးနေမူကို တစ်စုံတစ်ရာဝေဖန်ပြောကြားလိုစိတ် မရှိဟု ဆိုသည်။

“အခု ဒီမှာ စိစစ်နေတဲ့ ၁၉၈၂ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကိုတော့ ကျွန်တော်တို့ မဝေဖန်လိုပါဘူး။ အဓိက ဖြစ်ချင်တာက အရင်ကထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ်တွေကို ပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။ နောက်ပြီးပြေပြေလည်လည်နဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို့အတွက် သက်ဆိုင်သူတွေက ဂရုစိုက်ဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများအား နိုင်ငံသားပေးရန် မြို့လူထုက သဘောထားရှိကြောင်း သူက ဆက်ပြောသည်။

“ ကျွန်တော်တို့ ဖြစ်စေချင်တာက နိုင်ငံသားဖြစ်သင့်တဲ့သူ ဖြစ်ရမယ်။ ဥပဒေအရ နိုင်ငံသားမဖြစ်သင့်တဲ့ လူတွေကို တစ်ယောက်မှ နိုင်ငံသားဖြစ်ခွင့်မပေးဖို့ မြို့လူထုက သဘော ထားရှိပါတယ်။ မြေပုံမြို့နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေထဲက နိုင်ငံသားဖြစ်နိုင်မယ့်သူတွေ ရှိပါတယ်။ ဥပဒေအရ နိုင်ငံသားဖြစ် သင့်တဲ့ သူတွေ နိုင်ငံသား ဖြစ်လာဖို့ကို ကျွန်တော်တို့လက်ခံပါတယ်” ဟု ဆိုသည်။

ယခု လုပ်ငန်းသည် ရခိုင်တစ်ပြည်နယ်လုံးတွင် ဆက်လက် လုပ်ကိုင်မည့် လုပ်ငန်း ဖြစ်သဖြင့် ဥပဒေနှင့် အညီ မှန်မှန်ကန်ကန်လုပ်ရန် လိုအပ်ကြောင်း သူက ဆိုသည်။

“ခုချိန်မှာ မြေပုံမှာ လုပ်နေသလိုပဲ နောင်တစ်ချိန် ရခိုင်တစ်ပြည်နယ်လုံးမှာ ဆောင်ရွက်လာမယ့် လုပ်ငန်းဖြစ် တဲ့အတွက် ခုချိန်ကတည်းက မှန်မှန်ကန်ကန်နဲ့ ဥပဒေနဲ့အညီ နားလည်ဆောင်ရွက်ကြဖို့အရေးကြီးပါတယ်။ ဒါကြောင့် တာဝန်ယူဆောင်ရွက်နေတဲ့ သူတွေဘက်ကလည်း ကျွန်တော်တို့ပြည်သူတွေအကြံပြုနိုင် အောင်ရယ်။ နောက်ပြီး ဥပဒေပညာရှင်တွေကလည်း အကြံပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းအစဟာမြေပုံမှာ စခဲ့တဲ့ အတွက် ရခိုင်ပြည်၏ အစသည် မြေပုံကဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”

မြေပုံ လူထု အစည်းအဝေးကို မြေပုံမြို့ တရုတ်တန်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ဇွန်လ ၂၁ ရက်နေ့ နေ့လည် (၁)နာရီမှ (၃)နာရီခွဲထိ ကျင်းပခဲ့သည်ဟု သိရသည်။

Most read this week