ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ရှေ့တွင် တောင်သူလယ်သမား ၃ဝဝကျော်က ဇွန် ၂၃ ရက်တွင် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခံထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချလိုက်သဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက် အရေးဆိုထားသော်လည်း အကြောင်းပြန်ကြား လာခြင်း မရှိသေးဟု တောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးတင်ရွှေက မဇ္စျိမကိုပြောသည်။
ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချခဲ့ပြီး ပြည်နယ်ရဲရုံးသို့ တင်ပြထားရာတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးက နှစ်ကြိမ်တိုင်ခေါ်ယူတွေ့ဆုံခဲ့ပြီး ခေတ္တ ဆိုင်းငံ့ထားပေးရန် ပြောဆိုထားသည် ဟုလည်း ဦးတင်ရွှေကဆိုသည်။
"ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးက ဒီကိစ္စတွေကို အစိုးရအဖွဲ့နဲ့ တိုက်ရိုက်တွေ့ပေးပြီးတော့ ညှိနှိုင်းပေး မယ်ပြောတယ်၊ ခုထိတော့ မတွေ့ရသေးပါဘူး"ဟု တောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးတင်ရွှေက ပြောသည်။
ယင်းသို့ တွေ့ဆုံခွင့်ရရှိခဲ့ပါကလည်း တောင်သူလယ်သမားများထံမှ သိမ်းဆည်းထားသည့် လယ်ယာမြေ ကိစ္စများအပေါ် လုံလောက်သည့် ဖြေရှင်းမှုမျိုးမဟုတ်ခဲ့ပါက ဆန္ဒဖော်ထုတ် သွားမည်ဟု ၎င်းကဆိုသည်။
ဆန္ဒပြရန် တောင်းဆိုမှုကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပယ်ချရာတွင် တောင်သူလယ်သမားများ တင်ထားသည့် ဆန္ဒပြမည့် လမ်းကြောင်းသည် ရပခ တိုင်းရှေ့ နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့တို့ ပါဝင်နေသည်ကို မကြိုက်၍ ပယ်ချခဲ့ခြင်းဖြစ်သည်ဟု တောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးတင်ရွှေက ဆိုသည်။
“ကျွန်တော်တို့က တောင်သူလယ်သမားတွေရဲ့ နစ်နာချက်တွေကို စစ်တပ်ကကော၊ အစိုးရဌာနတွေကပါ တစ်ဖက်သက် လုပ်ဆောင်မှုတွေကို ပြေလည်တဲ့ အထိ မဖြေရှင်းပေးဘူး ဆိုရင်တော့ နှစ်နာချက်တွေကို ဆန္ဒဖော်ထုတ်သွားဖို့ အဆင်သင့်ရှိပါတယ်”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်မည့် ရွှေညောင်မြို့မှ တောင်သူ တစ်ဦးက ပြောသည်။
ဇွန် ၂၃ ရက်တွင် ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ကြီးမြို့နယ် အတွင်းရှိ မြေသိမ်းဆည်းခံတောင်သူ များဖြစ်သည့် ရွှေညောင်၊ စဉ့်ဟယ်၊ စက်မှုဇုန်၊ ရေပူမှ တောင်သူ (၃ဝဝ) ကျော်က လက်မှတ်ရေးထိုး တင်ပြထားခြင်းဖြစ်သည်။ ရွှေညောင်၊ စဉ့်ဟယ်၊ စက်မှုဇုန်၊ ရေပူ အစရှိသည့် ဒေသမှ သိမ်းဆည်းခံမြေဧက ၃ဝဝ ကျော်ရှိသည် ဟု ရှမ်းပြည်နယ် တောင်သူလယ်သမားရေးရာကော်မတီမှ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်ထောင်စုလွှတ်တော်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး ထိုဥပဒေကြမ်းအရ ဆန္ဒဖော်ထုတ်လို သူများသည် ခွင့်ပြုမိန့် တောင်းခံရန် မလိုဘဲ အကြောင်းကြားရုံဖြင့် ဆောင်ရွက်နိုင်သည်ဟု ပါဝင်သည်။