သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း သွားရောက် လှုပ်ရှားသည့် တပ်မ ရ၇ လက် အောက်ခံ တပ်မတော် စစ်ကြောင်းက မိုင်း နင်းမိရာ ရဲဘော် တဦး သေဆုံးပြီး ၊ ရှေ့တန်း လိုက် စစ်သုံးခွေး တကောင် သေဆုံး သွားသည်ဟု ဆိုသည်။
၂၀၁၄ ဂျွန် ၁၄ ရက်နေ့က နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စုမှ ဆိုင်းခေါင်ကျေးရွာအုပ်စုဘက် သွားရောက်လှုပ်ရှားသည့် တပ်မ ရ၇ လက်အောက်ခံ စစ်ကြောင်းတကြောင်းသည် ဝမ့်မိုင်းဆော့ရွာအနီး မြေမြှုပ်မိုင်း နင်းမိရာ ရဲဘော် တဦးပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးဒဏ်ရာရှိကြောင်း၊ ရှေ့တန်းလိုက် စစ်သုံးခွေး နှစ်ကောင်အနက် တကောင်ဒဏ်ရာ ရရှိကာ တကောင်သေသည်ဟု လားရှိုးဆေးတပ် အသိုင်း အဝိုင်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA ရှေ့တန်းအရာရှိ တဦးက - “ကျနော်တို့ လက်ချက်တော့လုံးဝမဟုတ်ဘူး။ ထင်ယောင်ထင်မှားဖြစ်အောင်ထင်တယ်။ သေဆုံးသွားတဲ့သူက မူစလင်ဘာသာဝင် ရဲဘော်တဦးလို့သိရတယ်။ မူစလင်မုန်းတီးရေးစိတ်ဓါတ်နဲ့ဆိုင်မလား တော့မသိ ဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
အဆိုပါမိုင်းနင်းမိသည့်တပ်မတော်စစ်ကြောင်းသည် ဆိုင်းခေါင်ကျေးရွာအုပ်စု နှင့် ပန်မော့ခန်ကျေးရွာ အုပ်စုအတွင်း ဝင်ရောက်စစ်ဆေးမှုပြုခဲ့ကြောင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုလည်းရှိနေကြောင်း ဒေသ ခံများကပြောသည်။
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံ ဘဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသောကြောင့် လုံခြုံရေးအတွက် အစိုးရစစ်ကြောင်းများတိုးချထားခဲ့သည်။ သျှမ်း၊ ကချင် နှင့် ပလောင် စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း သွားလာလှုပ်ရှားပါသည်။