ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှုတ်ထွက်သွားရခြင်း အပေါ် ရခိုင်အမျိုးသားများရဲ့ အမြင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှုတ်ထွက်သွားရခြင်း အပေါ် ရခိုင်အမျိုးသားများရဲ့ အမြင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ဟာ ၎င်းရဲ့ဆန္ဒသဘောထားအလျောက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်သွားပြီ ဖြစ်တယ်လို့ မြန်မာအစိုးရပိုင်သတင်းစာတွေမှာ ယမန်နေ့က ဖေါ်ပြပါတယ်။

နိုင်ငံတော် သမ္မတ သိန်းစိန်ကနေ နုတ်ထွက်လွှာတင်လာတဲ့ အတွက် ယင်းနူတ်ထွက်မူကို  ၂၀၁၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ စွဲနဲ့ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

rakhine-state-chief-minister-u-hla-maung-tin

ဦးလှမောင်တင်ဟာ စစ်တပ်ကနေ ဗိုလ်မှူးကြီး အဆင့်နဲ့ အငြိမ်းစားယူခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်က ပြုလုပ်တဲ့ ရွှေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီကနေ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနိုင်ရရှိခဲ့တဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။

သူရဲ့ သက်တမ်းမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဆူပူမူတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး ပြသနာ ပေါင်းစုံကို ရင်ဆိုင်ခဲဲ့ရကာ လက်ရှိ အစိုးရထဲက ပထမဆုံး နုတ်ထွက်သွားရတဲ့ ပြည်နယ် ၀န်ကြီးချုပ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူခုလို နုတ်ထွက်သွားရတာနဲ့ ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားတွေရဲ့ အမြင်သဘောထားတွေကို  မေးမြန်း စုစည်း တင်ပြပေးလိုက်ပါတယ်။

ဒေါက်တာ အေးမောင် ( ANP ဒုတာဝန်ခံ)

“ဦးလှမောင်တင်ကို နုတ်ထွက်ခိုင်းမယ်လို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလတော်တောများများက ကျွန်တော်တို့သုံး သပ်ခဲ့ကြပါတယ်။အထူးသဖြင့် မတ်လ(၂၆)၊နောက် (၂၇)ရက်နေ့မှာဖြစ်တဲ့ ကိစ္စတွေကို ခြံုငုံပြီး ဒီပြဿနာအားလုံးဟာ ပြည်နယ်အစိုးရ၏ လုံခြံုမှုကို မထိန်းသိမ်းနိုင်လို့၊ ပြည်ထောင်စုအစိုးရ၏ တာဝန်ယူမှုကို ပြည်နယ်အစိုးရက အကောင်အထည်ဖော် မပီးနိုင်လို့ ဆိုတဲ့ အသုံအနှုန်းနဲ့ ဦးလှမောင်တင်ကို ဒီပြဿနာအားလုံးမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် စွဲချက်တင်ပြီး ဖြုတ်ချနိုင်ခြေရှိတယ်လို့ သုံးသပ်ခဲ့ကြတယ်။ ဦးလှမောင်တင်၏ ကျန်းမာရေးကြောင့် သို့မဟုတ် တန်းရှင်း ( Tension) များလို့ ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ သူဟာကို နှုတ်ထွက်တယ် ဆိုတယ်ဆိုတာက  ဦးလှမောင်တင်အတွက် ကောင်းပါတယ်။ သို့သော်လည်း အစဉ်အလာ တစ်ခုလို ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေမှာ အားနည်းချက်တွေ ရှိပါတယ်။ အခု ဦးလှမောင်တင်ကို ဖြုတ်ချပြီး နှုတ်ထွက်တယ်ဆိုတဲ့ အသုံးအနှုန်းအောက်မှာ ရခိုင်ပြည်နယ် အစိုးရဖွဲ့ကို ပြောင်းလဲဖို့ကြိုးစားတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။”

ဦးခင်လှ ( NLD ရခိုင်ပြည်နယ်စည်း အဖွဲ့ဝင်)

“ကျွန်တော့ အမြင်ကတော့ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဆိုတာက ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေ သဘောကျ တင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်ပေါ့။ ခုက ရခိုင်လူထုက တင်ထားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ သမ္မတက ခန့်အပ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ သမ္မတကကြိုက်ရင် ဆက်ခန့်ထားမယ်။ မကြိုက်ရင် ဖြုတ်ပစ်မယ်။ ဒါဟာ ရခိုင်ပြည် သူတွေက တင်မြှောက်တဲ့ သူမဟုတ်သလို ပြည်သူတွေက ဖြုတ်ချတာလဲ မဟုတ်တဲ့အတွက်ကြောင့် ခုဖြစ်ရပ်ဟာ ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေနဲ့ မညီဘူး၊ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးလို့ ကျွန်တော်မြင်ပါ တယ်။ ဒါပေမယ့် သူမှာ အပြစ်တစ်စုံတစ်ရာရှိလို့ ဖြုတ်တာလား ဒါတော့ ကျွန်တော်မသိဘူးပေါ့လေ။”

ဦးသန်းထွန်း (စစ်တွေမြို့မိမြို့ဖ)

“ကျွန်တော့ အနေနဲ့ကတော့ ဝန်ကြီးချုပ်လှမောင်တင် ပြုတ်သွားတယ်ဆိုတဲ့အတွက် စိတ်မကောင်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဦးလှမောင်တင်ရဲ့ တစ်ဦးချင်းလုပ်ငန်း ဆိုင်ရာတွေမှာ အားနည်းချက် ချွတ်ယွင်းချက်၊ အမှား အယွင်းတွေ ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တစ်ယောက်ကို ယခုလို တာဝန်မှ နှုတ် ထွက်ခိုင်းလိုက်တယ်လို့ သဘောရတဲ့ ကိစ္စဟာ ကျွန်တော့ အမြင်ကတော့ လုပ်ငန်းစဉ်တွေ လွဲနေသလားလို့ ထင်ပါတယ်။ တကယ်လို့ ဦးလှမောင်တင်မှာ အားနည်းချက်တွေရှိနေတယ်ဆိုရင်လည်း ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ ကန့်ကွက်မှုတွေ လုပ်ရမယ်။အဲ့ဒီအပေါ်မှာမှ နိုင်ငံတောသမ္မတက စိစစ်ပြီး သူ့ကို တာဝန်က ရပ်စဲ လိုက်တယ်၊ နှုတ်ထွက်ခိုင်းတယ် ဆိုရင်တော့ လမ်းကြောင်းမှန်တယ်ပေါ့။ ခုတော့ ဘာကြောင့်မှန်း မသိဘဲ ဦးလှမောင် တင်ကို ဖြုတ်လိုက်တယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှု အားနည်းချက်လို့  မြင်ပါတယ်။”

ဦးမောင်လုံး ( မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)

“ကိုယ့်ရခိုင်အမျိုးသားထဲက ဝန်ကြီးချုပ်နုတ်ထွက်သွားတယ်ဆိုတာက စိတ်မကောင်းပါ။ ဦးလှမောင်တင်ရဲ့ လူပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် စိတ်သဘောထားကောင်းပြီး သိမ်မွေ့ ယဉ်ကျေးတဲ့ လူတစ်ယောက်ပါ။ သူ့ကို လေးစားပါတယ်။ ဒါပေမယ့် လုပ်ငန်းသဘော အရ ပြောရမယ်ဆိုရင်တော့ သိပ်အားရဖွယ်ရာမရှိပါဘူး။ တာဝန် ထမ်းဆောင်မှုနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေကို လုပ်ဆောင်တဲ့နေရာမှာ သူ့မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဒီလို သူ့အနေနဲ့ နုတ်ထွက်လိုက်ခြင်းမှာ ရခိုင်ပြည်နယ်အတွက် အကျိုးကျေးဇူးနဲ့ ယှဉ်ပြော ရမယ်ဆိုရင် ထိုက်တန်တဲ့ လုပ်ငန်းတစ်ခုလို့ သုံးသပ်ပါတယ်။ ကျွန်တော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်”

ကျွန်းသား ငမန်း (စာရေးဆရာ)

“ ဝန်ကြီးချုပ်ဦးလှမောင်တင်သည် ရခိုင်အမျိုးသားဖြစ်တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ် အရေးအခင်းတွေမှာ  ပျော့ပျောင်းညင်သာစွာနဲ့ အလုပ်လုပ်ပေးခဲ့တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ရခိုင်လူမျိုးတွေအပေါ်မှာ အထိအခိုက် အပွန်းအပဲ့မခံရအောင် သူကြိုးစားခဲ့ပါတယ်။ဒီလို လုပ်ဆောင်ချက်တွေဟာ ဖြစ်ပျက်သွားတဲ့ တစ်ချို့ ပဋိပက္ခတွေမှာ နိုင်ငံတော်ဘက်က အားမလို အားမရဖြစ်တာတွေရှိမယ်လို့ ယူဆပါတယ်။ဒါကြောင့် သူ့အပေါ်မှာ ဝန်ထုတ်ဝန်ပိုး တစ်ခုဖြစ်လာပြီး ဒီလို သက်ရောက်မှုရှိလာတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့ သိရသလောက် ဦးလှမောင်ဟာ တော်တော်စိတ်ပျ်က်ညဉ်းညူးနေတဲ့ အနေအထားကို ကျွန်တော်တို့ ကြားသိရပါတယ်။ လုပ်ကိုင်ရတာ စိတ်ပင်ပန်းတာတို့ပေါ့။ ခုလည်း ဦးလှမောင်တင်ဟာ မိမိဆန္ဒနဲ့ နှုတ်ထွက်သွား တယ်လို့ ကျွန်တော်တို့ကြားရတဲ့အခါ ဒီကိစ္စဟာ ဦးလှမောင်တင်ရဲ့ သဘောထား လဲပါမယ်လို့ ကျွန်တော်တို့  ယူဆပါတယ်။”

ဦးအောင်မြကျော် ( စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

“ပြည်ထောင်စုအစိုးရက နိုင်ငံတကာက ဖိအားတွေအများကြီးကို ခံနေရတဲ့အတွက် အသုံးချမယ့် ပြည်နယ်မှာ ရှိတဲ့ သူတို့နိုင်တဲ့ အကြီးအကဲတစ်ယောက်ကို ပယ်ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံတကာဖိအား လျော့ကျသွားနိုင်အောင်လုပ်တယ်လို့ ကျွန်တော်တို့ နိုင်ငံရေးအသိုင်းအဝိုင်း၊နိုင်ငံရေးအခင်းအကျင်းက အဲသလို သုံးသပ်ကြပါတယ်။ပြောရမယ်ဆိုရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်က တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်တဲ့ အတိုင်းအတာရှိတယ်။ အဲ့ဒီနေရာမှာ ဦးလှမောင်တင်အနေနဲ့ကလည်း ပြည်နယ်အစိုး ရအဖွဲ့ကို ဦးမဆောင်နိုင်တဲ့ အထိကို ဖြစ်လာတယ်။ ပြည်နယ်အစိုးရရဲ့အုပ်ချုပ်မှုပိုင်းကလည်း ညံ့ဖျင်းတဲ့ အတိုင်းအတာရှိ တယ်လို့ သုံးသပ်လို့ရပါတယ်။ဒါကလည်း ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်ရရှိခဲ့သလား ဆိုတော့ ပြည့်ပြည့်ဝ မရပါဘူး။ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း သူ့အကန့်နဲ့သူ လုပ်ထားတော့ ပြည်ထောင်စု အစိုးရရဲ့ ညွှန်ကြားချက်၊ ပြည်ထောင်စုအစိုးရရဲ့ လုပ်ခိုင်းတာလောက်ပဲ ပြည်နယ်အစိုးရက လုပ်ရတဲ့သဘောရှိတယ်။ ပြည်ထောင်စုက လုပ်ပိုင်ခွင့်ကို အပြည့်အဝမပေးတော့ ပြည်နယ်အစိုးရရော ဦးလှမောင်တင်တို့ ဘယ်လိုမှ စီမံခန့်ခွဲခွင့် မရတော့ ကြားမှာလစ်ဟာမှုတွေဖြစ် ပေါ်သွားတဲ့အချိန်မှာ ပြည်နယ်အစိုးရ ညံ့ဖျင်းတယ်ဆိုပြီး ဖြစ်သွားတဲ့သဘာမျိုးပါ။

ဦးအောင်ဝင်း (မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

“ကျွန်တော့အနေနဲ့ပြောရမယ်ဆိုရင်တော့ ဝန်ကြီးချုပ်နုတ်ထွက်ရခြင်းအကြောင်းတရားဟာ လက်ရှိရခိုင် ပြည်မှာ ကျင့်သုံးလာမယ့် ဘင်္ဂါလီတွေနဲ့ ပါတ်သက်တဲ့ ပေါ်လစီကြောင့်လို့ ကျွန်တော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ မြေပုံမှာစပြီး ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်တဲ့အချိန်မှာ ပြည်ထောင်စုက သတ်မှတ်ထားရေကော်မ ရှင်တစ်ရပ် ရှိကောင်းရှိပါလိမ့်မယ်။ ပြည်ထောင်စု ဘင်္ဂါလီတွေ အပေါ်မှာ သဘောထားရှိမယ်။ တစ်ဘက်မှာလည်း ၁၉၈၂ ဥပဒေရှိမယ်။ ဒီဥပဒေနဲ့ ပြည်ထောင်စုအစိုးရက သတ်မှတ်ထားတဲ့ ပေါ်လစီကြားမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မ ှုတစ်စုံတစ်ရာ လွဲမှားနေတယ်။ လက်မခံနိုင်စရာ အကြောင်းရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ဝန်ကြီးချုပ်က လက်မခံနိုင်။ လက်ခံခဲ့ရင် သူဟာ တစ်ချိန်ချိန်မှာသမိုင်းရဲ့ တရားခံ ဖြစ်လာမယ်ဆို တဲ့အတွက်ကြောင့် နုတ်ထွက်တာလို့ ကျွန်တော် သုံးသပ်ပါတယ်။”

(ပြီး)

Most read this week