မယ်ဟောင်ဆောင်ရှိ ကရင်နီ ဒုက္ခသည်စခန်းသို့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဂျိုလီ သွားရောက်လည်ပတ်

မယ်ဟောင်ဆောင်ရှိ ကရင်နီ ဒုက္ခသည်စခန်းသို့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဂျိုလီ သွားရောက်လည်ပတ်
by -
မဇ္စျိမ

ကမ္ဘာကျော် ဟောလိဝု ရုပ်ရှင်မင်းသမီး နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သူ ကုလသမဂ္ဂ အထူးသံတမန် အန်ဂျလီနာဂျိုလီ (Angelina Jolie) သည် ဇွန်လ ၂ဝ ရက်က ကျရောက်ခဲ့သော ကမ္ဘာ့ဒုက္ခသည်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင် (Mae Hong Son) ရှိ နိုင်ဆွန် (Ban Mai Nai Soi) ကရင်နီ ဒုက္ခသည် စခန်းသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း အိုင်ယာလန် အခြေစိုက် အိုင်းရစ်အင်ဒီပန့်ဒင့် (Irish Independent) သတင်းစာက ရေးသားဖော်ပြထားသည်။

အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ရုပ်ရှင်ကြယ်ပွင့် ဂျိုလီသည် စစ်ဒဏ်ခံခဲ့ရသော ကမ္ဘောဒီးယားသို့ “Lara Croft: Tomb Raider” ဇာတ်ကား ရိုက်ကူးရန်အတွက် သွားရောက်ခဲ့ရပြီးနောက် ၂ဝဝဝ ခုနှစ်ခန့်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူမသည် ထိုဒေသများရှိ အခြေအနေများကို ပိုမိုလေ့လာလိုစိတ် ရှိလာခဲ့ကာ ကမ္ဘာအဝှမ်းမှ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့သည်။

၂ဝဝ၁ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က၊ ဂျိုလီအား ဒုက္ခသည်များ ဆိုင်ရာ ချစ်ကြည်ရေး သံအမတ် အဖြစ် ခန့်အပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် မဟာမင်းကြီး အန်တိုနီယိုဂုတားရက်စ် (Antonio Guterres)က ဂျိုလီအား သူ၏ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ဂျိုလီသည် ကလေးငယ်သုံးဦးအာ မွေးစားစောင့်ရှောက်လျက်ရှိပြီး၊ ပထမဆုံး မွေးစားကလေးမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ရှိ မိဘမဲ့ဂေဟာတစ်ခုမှ ကလေးငယ်တစ်ဦးဖြစ်သည်။

ကမ္ဘာပေါ်တွင် စစ်ပွဲများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဒုက္ခသည် အရေအတွက်မှာ ၂ဝ၁၃ ခုနှစ်အတွင်း သန်း ၅ဝ ကျော်သွားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က၊ ကမ္ဘာ့ဒုက္ခသည်နေ့ ဖြစ်သည့် ဇွန်လ ၂ဝ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week