ဝက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မြန်မာဘက်ကမ်း၌ ဝက်သားမှ ထုတ်လုပ်ထားသော စားသောက်ကုန်အားလုံး ရောင်းချခြင်းမပြုရန် တားမြစ်လိုက်ကြောင်း သိရသည်။
ဧပြီလ ၃ဝ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ကျန်းမာရေးဌာနမှ ဝက်သားနှင့် ဝက်သားဖြင့် ပြုလုပ်ထားသော စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် အသံချဲ့စက်ဖြင့် ဘုရားသုံးဆူမြို့အတွင်း လိုက်လံကြေငြာခဲ့ပြီးနောက် မေလ ၁ ရက်နေ့တွင် ယခုကဲ့သို့ တားမြစ်လိုက်ခြင်း ဖြစ်သည်။
ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်များမှာ ဝက်မှထွက်သော ဝက်သား၊ လို့ချင်း၊ ဝက်အူချောင်း၊ ဝက်သားမုန့်တို့ ဖြစ်ပြီး ရောင်းချသူများအား ဖမ်းဆီးအရေးယူမည်ဟု အသိပေးကြေငြာခဲ့သည်။
၄င်းပြင် ရာသီကူး၌ ဖြစ်လေ့ရှိသော ဝမ်းရောဂါကို ကြိုတင်ကာကွယ်ရန်အတွက် အမှည့်လွန်သစ်သီးများ၊ မုန့်ဟင်းခါးနှင့် လက်လုပ်ချဉ်များကိုလည်း မရောင်းချရန် တားမြစ်ထားသည်။
“ခုဆို စျေးထဲမှာ ဝက်သားဆို လုံးလုံးကို မတွေ့ရတော့ဘူး” ဟု ဘုရားသုံးဆူမြို့မှ စျေးဝယ်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဝက်သားနှင့်သက်ဆိုင်သည့် စားသောက်ကုန်များအား တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် ဝက်သားစားလိုသူတို့သည် ဘုရားသုံးဆူမြို့ ထိုင်းဖက်ကမ်းသို့ ကူး၍ တိတ်တဆိတ်ဝယ်ယူနေရကြောင်း၊ ဝယ်ယူလာသော ဝက်သားများကို မြန်မာဘက်ကမ်းမှ ရဲများတွေ့ရှိပါက အသိမ်းခံရပြီး ဝယ်ယူလာသူအား အရေးယူခြင်းမရှိကြောင်း ဘုရားသုံးဆူမြို့သားများက ပြောသည်။
ယခုကဲ့သို့ တားမြစ်ခြင်းသည် မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ရောဂါများ ဝင်ရောက်လာနိုင်သည့် ဝင်ပေါက်များဖြစ်သော လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် နယ်စပ်များမှ ဝက်တုပ်ကွေးရောဂါ မဝင်ရောက်နိုင်အောင် ဆောင်ရွက်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဘုရားသုံးဆူမြို့မှ အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက ပြောသည်။
“အဓိကကတော့ နယ်စပ်ကနေ ဒီရောဂါမဝင်နိုင်အောင် ပိတ်လိုက်တာပါ” ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ဝက်သားရောင်းချမှုကို တားမြစ်ထားသော်လည်း ဝက်တုတ်ကွေးရောဂါနှင့်ပတ်သက်သည့် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ မြန်မာဘက်ကမ်း၌ ဝက်သားရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားသော်လည်း ထိုင်းဘက်ကမ်း၌ ယခုအချိန်ထိ ဆက်လက်ရောင်းချနေဆဲဖြစ်သည်။ ၄င်းပြင် မြန်မာဘက်ကမ်းမှ နေ့စဉ်ထိုင်းဘက်ကမ်း စက်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား (၃ဝဝဝ) ခန့်ကိုလည်း ဆက်လက်သွားလာခွင့်ပြုထားဆဲ ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ်၌ ယခုကဲ့သို့ ပိတ်ပင်ထားသော်လည်း မြဝတီနယ်စပ်မြို့၌ ပိတ်ပင်တားမြစ်ခြင်း မရှိသေးကြောင်း သိရသည်။