ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ ဆောက်လုပ်ပေးသည့် ချင်းပြည်နယ် ထန်တလန်မြို့ပေါ် အထက်ရပ်ကွက် အမှတ်(၂) အခြေခံ အထက်တန်းကျောင်း ဖွင့်လှစ်ပွဲကို ယခုလ ဇွန် ၁၆ ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရသည်။
ကျပ်ငွေ သိန်းပေါင်း ၁၀၀၀ ကျော် အကုန်အကျခံတည်ဆောက်ထားသည့် ကျောင်းသစ်ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ Kota Watanabe, Secretary (III) တက်ရောက်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်၊ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ပူး ငွန်စန်းအောင်၊ စိုက်ပျိုး ရေးဝန်ကြီး ပူး ဗန်ထောင်း နှင့် ချင်းပြည်နယ် လက်ထောက် ပညာရေးမှူး ပူး ဆွိကာရ်းလျန်၊ ပြည်နယ်ရဲမှူး တို့ တက် ရောက် ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ဂျပန်သံရုံးမှ Kota Watanabe မှ အမှာစကားပြောကြားရာမှာ ဂျပန်သံရုံးအနေဖြင့် မြန်မာတနိုင်ငံလုံး ကျေးလက်ဒေသ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုးမှုများရှိစေရေးအတွက် ရှေ့လုပ်ငန်းစဉ်ချမှတ်ချက်များကိုရှင်းလင်းပြီး ယခု ထောက်ပ့ံသည့် သိန်း ၁၀၀၀ သည် တန်းဖိုးနည်းသော် လည်း လက်ဆောင်အဖြစ် ခံယူလက်ခံစေလိုကြောင်း သားသမီးများအတွက် အကျိုးရှိရှိနှင့် အဓိပ္ပါယ်ရှိရှိ အသုံးပြုပေးရန် ပြောကြား ခဲ့သည်ဟုဆိုသည်။
ထို့အပြင် ထန်တလန်မြို့ပေါ်မှ မြို့မိမြို့ဖ မှ ဒေါက်တာ မှုထန် နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးတို့က အသီးသီး ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်ဟု သိရသည်။
"ယခုနှစ် ပညာသင်နှစ်မှာ အဲဒီကျောင်းသစ်ကို အသုံးပြုနေရပါပြီ၊” ဟု ထန်တလန်မြို့ပေါ်မှ အလယ်တန်း ကျောင်း ဆရာ တဦးက ပြောသည်။
အဆိုပါ ၁၇၀ X ၆၀ ၊ နှစ်ထပ်တိုက်ဖြင့် ဆောက်လုပ်ထားသည့် အမှတ် (၂) အထက်တန်းကျောင်းသစ်ကို ဂျပန်သံရုံးမှ သိန်းပေါင်း ၁၀၀၀၊ အစိုးရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန မှ ကျပ်ငွေသိန်းပေါင်း ၃၀၀ ဖြင့် အကုန်အကျခံလျက် ၂၀၁၂ ခုနှစ် မတ်လမှ စပြီး Chin Green Hill Company က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။