တရုတ်စီမံကိန်းများအကျိုးအဆက် ရခိုင်ပြည်သူများဘဝအကြောင်း တရုတ်ခရီးစဉ်တွင် ရခိုင်ခေါင်းဆောင်များ တင်ပြမည်

တရုတ်စီမံကိန်းများအကျိုးအဆက် ရခိုင်ပြည်သူများဘဝအကြောင်း တရုတ်ခရီးစဉ်တွင် ရခိုင်ခေါင်းဆောင်များ တင်ပြမည်
by -
နိရဥ္စရာ

တရုတ်ပြည် ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ တရုတ်ပြည်သို့ (၁၀) ရက်ကြာ သွားရောက်ကြမည့် ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင်များအနေဖြင့် တရုတ်စီမံကိန်းများ ကြောင့် အကျိုးတစ်စုံတစ်ရာ မခံစားရဘဲ စတေးခံရနေရသော ရခိုင်ပြည်သူများ၏ ဘဝ အခြေအနေများကို တင်ပြသွားမည်ဟု ခရီးစဉ်တွင် လိုက်ပါသွားမည့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

မဒေးကျွန်းမှ တရုတ်ရေနံလှောင်ကန် ( ဓါတ်ပုံ- နိရဥ္စရာ)

“ ကျွန်တော်တို့ တင်ပြခွင့်ရမလား- မရလားတော့ မသိဘူး။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကြောင့် ရခိုင်လူထု အနေနဲ့ တစ်စုံတစ်ရာအကျိုးမခံစားရတဲ့ အပြင် စတေးခံနေရတဲ့ အခြေအနေတွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေ သိအောင် ကျနော်တို့ တင်ပြသွားမယ်။ ကျနော်တို့ ရနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကျနော်တို့ရဲ့ အခြေအနေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ  ရခိုင်အမျိုးသားပါတီ ( ANP) မှ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဦးကျော်မြင့်နှင့် ဦးလှစောတို့သည် ဇွန်လ ၁၆ ရက်နေ့တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ကူမင်းနှင့် ပီကင်းမြို့များသို့ သွားရောက်ကြမည် ဖြစ်သည်။

တရုတ်ပြည်သ်ို့ မထွက်ခွာမှီ “ တရုတ်ပြည်သို့ ရောက်ရှိပါက ရခိုင်ခေါင်းဆောင်တွေ ဘာတွေကိုတင်ပြပါ မလဲ” ဟု နိရဥ္စရာက မေးမြန်းရာ ဦးဦးလှစောက ထိုသို့ တုန့်ပြန်ပြောကြားသည်။

နိုင်ငံတကာ စီမံကိန်းများကြောင့် မဒေးကျွန်းမှ ဒေသခံ ပြည်သူများ၏ ယခင်နှင့် ယခု ဘဝ ဘာမှ မထူးခြား (ဓါတ်ပုံ- နိ်ရဥ္စရာ)

“ အခု ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ရှိတဲ့ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းရော၊ ရေနံပိုက်လိုင်းရော၊ ရေနက်ဆိပ်ကမ်းရော၊ အခုလာမယ့် မီးရထားလမ်း၊ ကားလမ်းတွေရော အကုန်လုံးဟာ တရုတ်ပြည်ရဲ့ သေနင်္ဂဗျူဟာအရ အရေးကြီးတဲ့ အနေအထားမှာ ရှိတယ်။ ဒီလို ရှိပေမယ့် တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမူတွေဟာ ကျနော်တို့ ရခိုင်လူထု အနေနဲ့ ဘာမှ ခံစားခွင့်မရှိဘူး။ အစတေးခံ သက်သက်ဖြစ်နေတယ်” ဟု ဆိုသည်။

တရုတ်စီမံကိန်းများကို တည်ဆောက်ရာတွင် ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကိုလည်း တန်ဖိုးမထား ကြောင်း၊ နိုင်ငံတကာ၏ စံချိန်စံညွှန်းများကိုလည်း တန်ဖိုး မထားကြောင်း၊ သဘာဝ ပတ်ဝန်းကျင် အရေးကိုလည်း အလေးအနက်မထားကြောင်း၊ သို့အတွက် စီမံကိန်းကြောင့် ဖြစ်ပေါ်နေသော အခြေအနေ များကို မဖြစ်မနေ တင်ပြသွားမည်ဟု ဆိုသည်။

ယခင်က ရခိုင်ခေါင်းဆောင်များကို တရုတ်ပြည် အစိုးရကသာ တိုက်ရိုက် ဖိတ်ကြားသော်လည်း ယခု တစ်ကြိမ်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီက တိုက်ရိုက် ဖိတ်ကြားသဖြင့် ထူးခြားမူ ရှိနေကြောင်း၊ ယခု ခရီးစဉ်အား ရန်ကုန်ရှိ တရုတ်သံရုံးက စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခင်က တရုတ်အစိုးရ၏ ဖိတ်ကြားမူကြောင့် RNDP ဥက္ကဌနှင့် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ တရုတ်ပြည်သို့ သွားရောက်ဖူးကြောင်း ဦးဦးလှစောက ပြောဆိုသည်။

Most read this week